တနင်္သာရီ၊ အောက်တိုဘာ ၂၉
တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ဘန်းလမွတ်ကျေးရွာအနီးမှာ စစ်ကောင်စီရဲ့ ခြေလျင်စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တန င်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
တပ်အင်အား ၄၀ ဝန်းကျင်နဲ့ မြိတ်မြို့နယ်ဘက်မှ တနင်္သာရီမြို့နယ်ဘက်ကို လာတဲ့ စစ်ကောင်စီရဲ့ ခြေလျင်စစ်ကြောင်းကို အောက်တိုဘာ ၂၇ ရက်နေ့ နေ့လည် ၁၁ နာရီအချိန်ခန့်မှာ တနင်္သာရီမြို့နယ် ပကဖ (ဇုံ -၅) က မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။
ရှေ့ထွက်မိုင်း သုံးလုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ခုနှစ်ဦးဒဏ်ရာအ ပြင်းအထန်ရရှိပြီးနောက် တနင်္သာရီမြို့ဘက်ကို ပြန်လည်သယ်ဆောင်သွားတယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အဲဒီနေ့ ညနေ ၂ နာရီခွဲအချိန်ခန့်မှာလည်း မြိတ်ဘက်မှ တနင်္သာရီမြို့နယ် ဇဝဲအခြေစိုက် ခမရ ၅၅၆ တပ်ရင်းကိုလာတဲ့ စစ်ကောင်စီရဲ့ ရိက္ခာကားနှစ်စီးကို ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားအရှေ့လွန် သွားမှ ပေါက်ကွဲတာကြောင့် ထိရောက်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ ရက်နေ့ကတည်း က မြိတ်ဘက်မှာလာပြီး တနင်္သာရီ ဇဝဲအခြေစိုက်တပ်ရင်းမှာ တစ်ညအိပ်ပြီး နောက်တစ်နေ့ နေ့လည်ပိုင်းမှာ ဘန်းလမွတ်ကျေးရွာ (၄၃၃) ဘုရားတောင်ခြေအနီးမှာ တိုက်ခိုက်ခံရတာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ အဲဒီစစ်ကောင်စီစစ်ကြောင်းဟာ တနင်္သာမြို့နယ်အနီးက အမှတ် ၅၅၇ ခြေမြန်တပ်ရင်းမှာရှိနေပြီး ဘယ်ကိုဆက်သွားမလဲဆိုတာတော့ မသိရသေးဘူးလို့ တော်လှန်ရေးအင်အားစုတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂ ရက်နေ့ကလည်း တနင်္သာရီမြို့နယ် ညောင်ပင်ကုန်းကျေးရွာအနီးမှာ စစ်ကောင်စီရဲ့ ခြေလျင်စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – တနင်္သာရီမြို့နယ် ပကဖ (ဇုံ-၅)