လားရှိုး ၊ အောက်တိုဘာ ၂၉
ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းပြည်နယ် မြောက်ပိုင်းမှာ စစ်ကောင်စီရဲ့တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၃၃၉ ဦး သေဆုံးခဲ့ရတယ်လို့ လူ့အခွင့်အရေးဆိုင်ရာလှုပ်ရှားမှုကွန်ရက် HRAN က အောက်တိုဘာ ၂၇ ရက်နေ့မှာ အစီရင်ခံစာထုတ်ပြန်ပါတယ်။
တစ်နှစ်ပြည့်မြောက်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီဘက်က အရပ်သားတွေအပေါ် ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို HRAN က ညီနောင်သုံးဖွဲ့ သိမ်းပိုက်ထားတဲ့ မြို့ ပေါင်း ၁၇ မြို့ကိုကွင်းဆင်းပြီး အချက်အလက်ကောက်ယူခဲ့တာပါ။
အစီရင်ခံစာအရ စစ်ကောင်စီကျူးလွန်ခဲ့တဲ့ထဲမှာ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှု အများဆုံးဖြစ်ပြီး လေကြောင်းဗုံးကြဲတိုက်ခိုက်မှု၊အပြစ်မဲ့အရပ်သားတွေကို ပစ်ခတ်တာနဲ့ သတ်ဖြတ်တာတွေလည်း ပါဝင်ပါတယ်။
ဒါ့အပြင် မြေမြှုပ်မိုင်းအသုံးပြုတာ၊ စစ်လက်နက် အကြွင်းအကျန်ပစ္စည်းတွေ ပေါက်ကွဲတာ၊ မုဒိမ်းကျင့်တာ၊ ဒရုန်းနဲ့ပစ်ခတ်တာ၊ ညှဉ်းပန်းနှိပ်စက်တာ၊ လူမဆန်စွာပြုမူတာနဲ့ တခြားလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာတွေလည်း ကျူးလွန်ခဲ့တာပါ။
လူအခွင့်အရေးဆိုင်ရာလှုပ်ရှားမှုကွန်ရက် HRAN ကနေ ကောက်ခံရရှိထားတဲ့ အချက်အလက်တွေအရ စစ်ကောင်စီရဲ့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူ ၄၀၁ ဦး ရှိခဲ့ပါတယ်။
တစ်ဘက်မှာ တော်လှန်ရေးအဖွဲ့တွေ သိမ်းပိုက်ထားတဲ့ ရှမ်းမြောက်ရှိ မြို့ အများစုမှာ စစ်ကောင်စီက အရပ်ဘက်စစ်ဘက်အဆောက်အအုံတွေကို မခွဲခြားဘဲ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကို သိသိသာသာကျူးလွန်နေတာလို့ ဆိုပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၀၇ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၂၀၀ ကျော် ရှိခဲ့တဲ့အပြင် အများနဲ့ သက်ဆိုင်တဲ့ဈေး၊ စာသင်ကျောင်းနဲ့ ဘာသာရေးအဆောက်အအုံတွေလည်း ပျက်စီးခဲ့ရတယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။
မြေမြှုပ်မိုင်းနဲ့ပတ်သက်ပြီး စစ်ကောင်စီက တပ်စခန်းဝန်းကျင်အပါအဝင် အများပြည်သူအသုံးပြုတဲ့ လမ်းတွေလုပ်ငန်းခွင်တွေနဲ့ ကျေးရွာအနီးတွေမှာ မိုင်းထောင်ထားတဲ့အပြင် မဟာမိတ်တပ်တွေ ထိုးစစ်ဆင်နိုင်မယ့် လမ်းကြောင်းတွေမှာလည်း မိုင်းတွေနဲ့ အကာအရံလုပ်ထားပါသေးတယ်။
ဒီအခြေအနေတွေကြောင့် တစ်နှစ်အတွင်း အမျိုးသမီးနဲ့ ကလေးတွေ အပါအဝင် အရပ်သား ၁၀၀၀ ကျော် ထိခိုက်ဒဏ်ရာရ သေဆုံးခဲ့တဲ့အပြင် လူနေအိမ်အပါအဝင် အများနဲ့သက်ဆိုင်တဲ့ အဆောက် အအုံပေါင်း ၁၉၀၀ ကျော် ထိခိုက်ပျက်စီးခဲ့ရတာလို့ အစီရင်ခံစာက ဖော်ပြပါတယ်။
နိုင်ငံတကာအစိုးရတွေအနေနဲ့ စစ်ကောင်စီနဲ့ ဆက်နွယ်တဲ့ အဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်တွေကို ဆက်သွယ်တာတွေ မလုပ်ဖို့အပါအဝင် အထောက်အပံ့ဖြစ်စေတဲ့ စီးပွားရေးတွေ တားဆီးပိတ်ဆို့ဖို့နဲ့ လေယာဉ်ဆီတင်သွင်းရောင်းချတာ လုံးဝမလုပ်ဖို့ HRAN က တောင်းဆိုထားပါတယ်။
လူ့အခွင့်အရေးဆိုင်ရာလှုပ်ရှားမှုကွန်ရက် HRAN မှာတော့ ရှမ်းမြောက်အခြေစိုက် တအာင်းအမျိုး သမီးအဖွဲ့အစည်း TWO နဲ့ တအာင်းကျောင်းသားနဲ့ လူငယ်များအဖွဲ့ အပါအဝင် အခြားဒေသတွင်း အရပ်ဘက်အ ဖွဲ့အစည်း ၅ ဖွဲ့တို့ ပါဝင်ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ