မော်လမြိုင်၊ အောက်တိုဘာ ၂၉

မွန်ပြည်နယ်ရဲ့ အဓိက စိုက်ပျိုးရေးထွက်ကုန်တစ်ခုဖြစ်တဲ့ ရော်ဘာသယ်ယူခွင့်ကို စစ်ကောင်စီဘက်က အကြောင်းပြချက်မရှိ ကန့်သတ်မှုတွေ လုပ်ဆောင်နေပြီး စစ်ဆေးရေးဂိတ်တွေမှာလည်း သယ်ယူခွင့်အတွက် ငွေကြေးပေးဆောင်နေရတယ်လို့ ရော်ဘာလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ် ပြောပါတယ်။

လုံခြုံရေးအကြောင်းပြချက်နဲ့ ဖွင့်လှစ်ထားတဲ့ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တွေက ရော်ဘာတွေကို သယ်ယူပို့ဆောင်တဲ့နေရာမှာ အထောက်အထား တောင်းခံတာတွေရှိသလို အထောက်အထား မရှိပါက သယ်ယူပို့ဆောင်ခွင့် ကန့်သတ်နေပါတယ်။

ရော်ဘာတွေဟာ လယ်ယာထွက်ကုန်တွေ ဖြစ်တဲ့အတွက် တည်ဆဲ တောင်သူလယ်သမား အခွင့်အ ရေး ကာကွယ်ရေးနဲ့ အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေနဲ့ နည်းဥပဒေအရ လွတ်လပ်စွာ သယ်ယူခွင့်နဲ့ရောင်းချခွင့်ရှိတယ်လို့ ဆိုထားပေမယ့် စစ်ကောင်စီလက်ထက်မှာ မလိုလားတဲ့ကန့်သတ်မှုတွေ လုပ်ဆောင်နေတာပါ။

ရော်ဘာလုပ်ငန်းရှင်တစ်ဦးကတော့ ရော်ဘာသယ်ယူပို့ဆောင်တဲ့နေရာမှာ စစ်ကောင်စီလက် အောက်ခံ ဂိတ်တွေက သယ်ယူပို့ဆောင်ခွင့်တောင်ခံပြီး မပေးနိုင်ပါက ငွေကြေးတောင်းခံတာတွေ ပြုလုပ်နေတာကြောင့် အခက်ကြုံနေရတယ်လို့ ပြောပါတယ်။

“အဓိက ခွင့်ပြုချက်တောင်းတယ်။ မပေးနိုင်လို့ရှိရင် ပိုက်ဆံတောင်းတာပေါ့။ အခုကျတော့ ခွင့်ပြု ချက်ဆိုတဲ့ဥစ္စာက မွန်ပြည်နယ်ထဲမှာ ဘာခွင့်ပြုချက်မှလည်း ကျွန်တော်တို့ကို ပေးထားတာမရှိဘူးပေါ့နော်။ လိုလည်းမလိုအပ်ဘူးပေါ့။ ရော်ဘာဟာ စိုက်ပျိုးရေးထွက်ကုန်ဖြစ်တဲ့အတွက် လွတ်လပ်စွာ ဝယ်ယူရောင်းချခွင့်ရှိတဲ့အတွက်ကြောင့်မို့ မွန်ပြည်နယ်က ဘာမှမပေးထားဘူး။ သို့ပေမယ့် ဂိတ်တွေမှာ ရော်ဘာအတွက်ကိုရော ဒီမျှောစာတွေဘာတွေ တောင်းနေတဲ့သဘောရှိတဲ့အတွက် သယ် ဆောင်တဲ့နေရာမှာ အခက်အခဲရှိနေတယ်”လို့ ဆိုပါတယ်။

ဒါ့အပြင် ရော်ဘာတွေကို သယ်ယူပို့ဆောင်တဲ့နေရာမှာ ခွင့်ပြုချက်ပြရမယ်လို့ ပြောဆိုနေပေမယ့် ဘယ်ဌာနဆိုင်ရာရဲ့ ခွင့်ပြုချက် လိုအပ်တယ်ဆိုတာကို တိတိကျကျပြောဆိုတာမရှိသလို ဌာနဆိုင် ရာတွေကလည်း ရော်ဘာသယ်ယူပို့ဆောင်ခွင့် လုပ်ရမယ်ဆိုပြီး တရားဝင်ထုတ်ပြန်ထားတာ မရှိဘူးလို့ သူက ဆက်ပြောပါတယ်။

ရော်ဘာလုပ်ငန်းရှင် နောက်တစ်ဦးကလည်း မွန်ပြည်နယ်ထွက် ရော်ဘာတွေကို ကရင်ပြည်နယ်ဘက် သယ်ယူခွင့်မပြုဘဲ ဖမ်းဆီးနေသလို ကရင်ပြည်နယ်ဘက်ကတင်ပို့ပါက ဖြတ်သန်းခွင့် လုပ် ဆောင်ရတာတွေရှိတယ်လို့ ပြောပါတယ်။

“ဘုရားသုံးဆူ နယ်စပ်ကိုပို့မယ်ပေါ့။ ဘုရားသုံးဆူတို့ ဘာတို့ဆို အဖမ်းအဆီးရှိတယ်။ မြဝတီပို့မယ်ဆိုရင် အဖမ်းအဆီးရှိတယ်။ အဲဒီလိုမျိုးတွေပေါ့။ အဲဒီဘားအံကပစ္စည်းကို မုဒုံထိဝင်လို့ရတယ်။ မုဒုံကပစ္စည်း ဘားအံထွက်လို့မရဘူး။ ပြီးတော့ အခုဘာဖြစ်လဲဆိုရင် ပစ္စည်းသွားတင်တာပေါ့နော်။ မွန် ပြည်နယ်တို့၊ ဘားအံဘက်ကနေပြီးတော့ မော်လမြိုင်ဘက်ကို ပြန်တင်မယ်ဟေ့ဆိုရင် ဖြတ်သန်းခွင့်ဆိုပြီး လုပ်ရတယ်တဲ့။ ဒါမှမဟုတ်လို့ဆိုရင်လည်း ရောင်းဝယ်ခွင့်သိုလှောင်ခွင့်ရဲ့ လက်မှတ်လေ။ အဲဒီလက်မှတ်လေး ပြပေးရင်တော့ ဖြတ်သန်းခွင့် ရှိတယ်ပေါ့နော်”လို့ ဆိုပါတယ်။

ရော်ဘာတွေဟာ ဒေသထွက်ကုန်ဖြစ်ပေမယ့် လွတ်လပ်စွာ သယ်ယူပို့ဆောင်ခွင့်မရတဲ့အတွက် အ ချိန်ကြန့်ကြာမှုရှိတဲ့အပြင် ငွေကြေးပေးဆောင်နေရတာကြောင့် နစ်နာမှုတွေရှိပြီး ကုန်ကျစရိတ် ပိုမိုများပြားလာတယ်လို့ ရော်ဘာလုပ်ငန်းရှင်တွေက ပြောကြပါတယ်။

ရော်ဘာတွေဟာ လက်ရှိရာသီအစမှာ တစ်ပေါင်ကို ကျပ် ၃၀၀၀ ကျော်နဲ့ ဈေးကောင်း ရနေပေမယ့် စစ်ကောင်စီဘက်က ရော်ဘာ သယ်ယူပို့ဆောင်တဲ့နေရာမှာ တင်းကျပ်မှုတွေ ရှိနေတဲ့အတွက် ရော် ဘာရောင်းချတဲ့နေရာမှာလည်း အခက်ကြုံနေရတယ်လို့ သိရပါတယ်။

တဖက်မှာတော့ စစ်ကောင်စီဟာ ဒေသတွင်းက ရော်ဘာတွေကို တရားမဝင် ပို့ဆောင်တဲ့ဆိုတဲ့ အ ကြောင်းပြချက်နဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလနောက်ဆုံးအပတ်ကစပြီး ဖမ်းဆီးတာတွေ ပြုလုပ်ခဲ့သလို ရော်ဘာလုပ်ငန်းရှင်တွေကိုလည်း တရားမဝင်မပို့နိုင်အောင် ခံဝန်လက်မှတ် ထိုးခိုင်းတာတွေ ရှိနေပါတယ်။

မွန်ပြည်နယ်ဟာ နိုင်ငံအတိုင်းအတာအအရ ရော်ဘာအများဆုံး စိုက်ပျိုးထွက်ရှိနေတဲ့ ပြည်နယ်တစ်ခုဖြစ်ပြီး နှစ်စဉ်ရော်ဘာတန်ချိန် တစ်သိန်းကျော် ထွက်ရှိနေကာ ထွက်ရှိလာတဲ့ ရော်ဘာတွေကို တ ရုတ်အပါအဝင် ပြည်ပနိုင်ငံတချို့ထံ တင်ပို့ရောင်းချနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.