တဘီလီစီ၊ အောက်တိုဘာ ၂၈

ဂျော်ဂျီယာနိုင်ငံမှာ သောင်ပြိုကမ်းပြို အနိုင်ရတဲ့ ရွေးကောက်ပွဲ ရလဒ်ကို ကြိုဆိုပြီး မဲမသာမှုတွေ၊ အကြမ်းဖက်မှုတွေ ရှိတယ်ဆိုတဲ့ ပြောဆိုမှုတွေကို ဝန်ကြီးချုပ်က ပယ်ချလိုက်ပါတယ်။

မူမမှန်တာတွေက နေရာတိုင်းမှာ ဖြစ်တတ်ပါတယ်လို့ ဂျော်ဂျီယာ အိပ်မက်ပါတီ ဝန်ကြီးချုပ် အီရာကလီ ကိုဘက်ဟီဒစီက ပြောကြားခဲ့ပါတယ်။

ဂျော်ဂျီယာ ရွေးကောက်ပွဲကော်မရှင်ကနေ ကနဦး ထွက်ပေါ်လာတဲ့ တရားဝင် ရလဒ်တွေအရ အာဏာရ ဂျော်ဂျီယာ အိပ်မက်ပါတီဟာ အမတ်နေရာအများစု ၅၄ ရာခိုင်နှုန်း အနိုင်ရထားတယ်လို့ ဖော်ပြထားပေမယ့် မဲရုံအတွက် သဘောထား စစ်တမ်းတွေမှာ အတိုက်အခံပါတီ လေးခု အနိုင်ရမယ်လို့ ဖော်ပြထားတာပါ။

ဂျော်ဂျီယာရဲ့ အနောက်တိုင်း လိုလားတဲ့ သမ္မတ ဆာလိုမီ ဇော်ရာဘစ်ဗီလီက ရွေးကောက်ပွဲရလဒ် လုံးဝ မှားယွင်းနေကြောင်း ပြောဆိုခဲ့ပြီး အတိုက်အခံ ထောက်ခံသူတွေအနေနဲ့ လွှတ်တော်ရှေ့မှာ စုဝေးဆန္ဒပြကြဖို့ တိုက်တွန်းထားပါတယ်။

ရွေးကောက်ပွဲဥပဒေ ချိုးဖောက်မှုတွေကြောင့် ရလဒ်အပေါ် သက်ရောက်မှု ရှိခဲ့တာ ဖြစ်နိုင်တယ်လို့ ရွေးကောက်ပွဲ စောင့်ကြည့်သူတွေက ပြောပါတယ်။

ဒါပေမဲ့ မဲရုံပေါင်း ၃၁၁၁ ရုံထဲက အနည်းငယ်လောက်မှာပဲ သေးသေးမွှားမွှား ဖြစ်ရပ်တွေ ဖြစ်ပွားခဲ့တာလို့ ဝန်ကြီးချုပ်က ပြောပါတယ်။

ဂျော်ဂျီယာ အိပ်မက်ပါတီဟာ အာဏာရှင်ဆန်လာပြီး မီဒီယာနဲ့ နိုင်ငံခြားက ရန်ပုံငွေ ယူနေတဲ့ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ လိင်တူစုံမက်သူများ အသိုင်းအဝိုင်းကို ပစ်မှတ်ထားတဲ့ ရုရှားပုံစံ ဥပဒေတွေ ထုတ်ပြန်နေပါတယ်။

အရေးယူတဲ့အနေနဲ့ ဥရောပသမဂ္ဂ (အီးယူ)က ဂျော်ဂျီယာရဲ့ အဖွဲ့ဝင် ဖြစ်ရေး လျှောက်ထားမှုကို ပယ်ချထားပြီး ဒီမိုကရေစီကို နောက်ကြောင်း ပြန်လှည့်နေတယ်လို့ စွပ်စွဲခဲ့ပါတယ်။

ဒါပေမဲ့ အီးယူ ခေါင်းဆောင် တစ်ဦး ဖြစ်တဲ့ ဟန်ဂေရီ ခေါင်းဆောင် ဗစ်တာ အော်ဘင်က အိပ်မက်ပါတီ အနိုင်ရ ရရှိမှု အတွက် ဂုဏ်ပြုထားပြီး ဂျော်ဂျီယာသို့ သွားရောက်ဖို့ စီစဉ်ထားပါတယ်။

ဂျော်ဂျီယာ အိပ်မက်ပါတီက အီးယူ အဖွဲ့ဝင်ဖြစ်ရေး ကြိုးပမ်းမှုတွေ ပြန်လည် လုပ်ဆောင်သွားမယ်လို့ ပြောဆိုထားပါတယ်။

ဥရောပကောင်စီ ခေါင်းဆောင် ချားလ်စ် မီချဲလ်ကတော့ မူမမှန်မှုတွေကို ဖော်ထုတ် စစ်ဆေးဖို့ အမှီအခို ကင်းတဲ့ စစ်ဆေးမှုတွေ ပြုလုပ်ဖို့ တောင်းဆိုထားပါတယ်။

ရွေးကောက်ပွဲရလဒ်ကို အတိုက်အခံပါတီ လေးခုက အသိအမှတ်ပြုဖို့ ငြင်းဆိုထားပြီး အာဏာရပါတီ မဲခိုးတယ်လို့ စွပ်စွဲထားကြပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.