ဖာပွန်၊ အောက်တိုဘာ ၂၉
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ ဖာပွန်ခရိုင်နယ်မြေရှိ ကျေးရွာတွေထဲကို စစ်ကောင်စီတပ်က နေ့စဉ်ရက်ဆက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းနဲ့ လူနေအိမ်အဆောက် အဦးတွေ ထိခိုက်ပျက်စီးတာတွေရှိနေတယ်လို့ တပ်မဟာ ၅ ရဲ့ ထုတ်ပြန်ချက်တွေအရသိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၅ ရက်နေ့ မနက် ၁၀ နာရီအချိန်ခန့်မှာ စစ်ကောင်စီတပ်ရဲ့ တိုက်လေယာဉ်ဟာ ဖာပွန်ခရိုင်၊ ဘူးသိုမြို့နယ်၊ ပါဟိုက်အုပ်စု၊ ဆောဘွဲဒဲကျေးရွာထဲကို ဗုံးဆံ ၂ လုံး လာရောက်ကြဲချသွားတဲ့အပြင် စက်သေနတ်နဲ့ပါ ပစ်ခတ်ခဲ့တဲ့အတွက် ကျောင်းအဆောက်အဦး ၁ လုံးနဲ့ နေအိမ် ၃ လုံး ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အဲဒီနေ့ ညနေ ၆ နာရီအချိန်လောက်မှာလည်း ဆောဘွဲဒဲကျေးရွာနဲ့ အနီးအနားဒေသတွေထဲကို စစ်ကောင်စီ တိုက်လေယာဉ်က ဗုံးဆံအလုံး ၃၀ နီးပါး လာရောက်ကြဲချသွားခဲ့သလို ည ၉ နာရီကနေ ၁၀ နာရီအတွင်းမှာလည်း ခေါပုတ်တပ်စခန်းတည်ရှိရာ အနီးအနားတစ်ဝိုက်ကို တိုက်လေယာဉ်နဲ့ ဗုံးဆံ ၂ လုံး၊ Y-12 လေယာဉ်နဲ့ ဗုံးအလုံး ၃၀ လာရောက်ကြဲချပစ်ခတ်သွားခဲ့တယ်လို့ ဆိုထားပါတယ်။
စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲပစ်ခတ်မှုကြောင့် အရပ်သားပြည်သူတွေ ထိခိုက်မှုမရှိဘဲ အိမ်မွေးတိရိစ္ဆာန်အချို့မှာ သေဆုံးသွားခဲ့တယ်လို့ KNU တပ်မဟာ ၅ ပြောခွင့်ရသူ ဗိုလ်မှူးကြီးစောကလယ်ဒိုနဲ့ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် KPSN တို့က ထုတ်ပြန်ပြောဆိုထားပါတယ်။
“အခုလည်း ဖာပွန်မှာရှိတဲ့ သူတို့(စစ်ကောင်စီ)စခန်းအချို့ လက်လွတ်ဆုံးရှုံးခဲ့ရလို့ အရမ်းလျှောက်လုပ်နေတာပဲဖြစ်တယ်” လို့ စစ်ကောင်တပ်စီရဲ့ လေယာဉ်ဗုံးကြဲမှုနဲ့ ပတ်သက်ပြီး KNU တပ်မဟာ ၅ ပြောခွင့်ရသူ ဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောဆိုပါတယ်။
KNU ဖာပွန်ခရိုင်နယ်မြေမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အခုလ ၁၅ ရက်တာကာလအတွင်း ပြည်သူ ၃ ဦး သေဆုံးခဲ့ရပြီး ၃ ဦး ဒဏ်ရာရရှိသွားခဲ့သလို ပြည်သူပိုင်အိုးအိမ် လယ်ယာကိုင်းကွက်နဲ့ ကောက်ပဲသီးနှံအမြောက်အများလည်း ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ တပ်မဟာ ၅ ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
လက်ရှိမှာ KNU ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေအတွင်းရှိ စစ်ကောင်စီတပ်ရဲ့ ဖာပွန်စစ်ဗျူဟာနဲ့ ခေါပုတ်တပ်စခန်းတို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ တော် လှန်ရေးပူးပေါင်းတပ်တို့က မြေပြင်ကနေ ပိတ်ဆို့ဖြတ်တောက်ထားလျက်ရှိသလို အခြားတပ်စခန်းတွေရဲ့ အဝင်အထွက် ရိက္ခာပို့လမ်းကြောင်းတွေကိုလည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဖြတ်တောက်ထားလျက်ရှိနေတာပါ။
စစ်ကောင်စီတပ်ဟာ ဖာပွန်စစ်ဗျူဟာနဲ့ ခေါပုတ်တပ်စခန်းမကျရေးအတွက် ကျေးရွာတွေထဲ လေ ကြောင်း တိုက်ခိုက်မှုတွေကို နေ့စဉ်ဆိုသလို ပြုလုပ်လျက်ရှိနေပြီး အဲဒီဗျူဟာတပ်စခန်းတွေရဲ့ ရိ က္ခာပစ္စည်းပို့ဆောင်ဖို့အတွက် လေကြောင်းကနေသာ အားကိုးအားထားအသုံးပြုနေရတာ ဖြစ်ပါတယ်။
အောက်တိုဘာလ လဝက်တာအတွင်း KNLA တပ်မဟာ ၅ မဟာမိတ်ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပေါင်း ၄၇ ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖက်က ၁၁ ဦးသေဆုံးသွားပြီး ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် တိုက်ပွဲအတွင်း စစ်တန်းလျားအဆောက်အဦးတစ်လုံးနဲ့ စစ်မော် တော်ယာဉ်တစ်စီးပါ ဖျက်ဆီးနိုင်ခဲ့တယ်လို့ တပ်မဟာ ၅ ဌာနချုပ်ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ