ပုလော၊ အောက်တိုဘာ ၂၈

တနင်္သာရီတိုင်း ပုလောမြို့နယ် ပလမြို့မှာ စပါးရိတ်ဖို့သွားတဲ့ ဒေသခံအမျိုးသားတစ်ဦး မြေမြှုပ်မိုင်း နင်းမိတာကြောင့် ခြေထောက်တစ်ဖက် ပြတ်တောက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်နေ့ နေ့လယ်ပိုင်းမှာ စပါးရိတ်ဖို့သွားတဲ့ ဒေသခံအမျိုးသားတစ်ဦးဟာ ပလမြို့မှ လိပ်ကူဘက်ကို သွားတဲ့ လမ်းပိုင်းတစ်နေရာမှာ မြေမြှုပ်မိုင်း နင်းမိခဲ့တာပါ။

မြေမြှုပ်မိုင်း နင်းမိခဲ့တာကြောင့် ပလမြို့နေ အသက် ၅၀ နှစ်အရွယ် ကိုစိုးကြီးဟာ ခြေထောက်ပြတ်တောက် ဒဏ်ရာရရှိခဲ့ပြီး ပုလောမြို့ဆေးရုံမှာ ဆေးဝါးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။

မြေမြုပ်မိုင်းနင်းမိတာကြောင့် ဆေးကုသမှု ခံယူနေတဲ့ အမျိုးသားကို စစ်ကောင်စီတပ်သားနဲ့ ရဲတပ်ဖွဲ့တွေက မိုင်းသွားထောင်လို့ ပေါက်ကွဲခဲ့တာနဲ့ PDF ရဲဘော်ဆိုပြီး စစ်ဆေးမေးမြန်းတာတွေ မကြာခဏ လာရောက်လုပ်ဆောင်နေတယ်လို့ မိသားစုနဲ့ နီးစပ်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

ကိုစိုးကြီးဟာ ပလမြို့ခံတစ်ဦး ဖြစ်ပြီး လိပ်ကူဘက်မှာရှိတဲ့ သူရဲ့စပါးခင်းမှာ စပါးသွားရိတ်ဖို့အတွက် ပလမြို့ရှိ စစ်ကောင်စီရဲ့ ခွင့်ပြုချက်ပြပြီး သွားရာမှ အခုလို ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် အဲဒီနေ့မှပဲ ပလမြို့က ဒေသခံ အမျိုးသားတစ်ဦးနဲ့ မရီရီလှိုင်ဆိုတဲ့ အမျိုးသမီးတစ်ဦးကိုလည်း စစ်ကောင်စီတပ်သားတွေက အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၅ ရက်နေ့ကလည်း ပုလောမြို့နယ် ဇရပ်ဆိပ်ကျေးရွာထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ဒေသခံအမျိုးသားတစ်ဦးကို အကြောင်းမဲ့ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.