ကြာအင်းဆိပ်ကြီး၊ အောက်တိုဘာ ၂၈

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ပနော်ကလဲခီးကျေးရွာမှာ တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်ရဲ့ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား တစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၅ ရက်နေ့ နေ့လယ် ၁ နာရီအချိန်ခန့်မှာ နေပြည်တော်လေတပ်က Yak-130 အမျိုးအစား တိုက်လေယာဉ်ဟာ တိုက်ပွဲမရှိဘဲ ပနောကျဲခီးကျေးရွာထဲကို ပေါင် ၅၀၀ ဗုံး နှစ်လုံး လာရောက် ဗုံးကြဲပစ်ခတ်ခဲ့တာပါ။

ဗုံးကြဲမှုကြောင့် ကျေးရွာနေ အသက် ၃၀ အရွယ် စောသဲမူး သေဆုံးခဲ့ပြီး အသက် ၃၃ နှစ်အရွယ် နော်အဲ့တာမူး ဒဏ်ရာရရှိခဲ့ကာ ပြည်သူပိုင် နေအိမ် နှစ်လုံးနဲ့ ခရစ်ယာန်ဘုရားကျောင်း တစ်ကျောင်း ထိမှန်ပျက်စီးခဲ့ပါတယ်။

ပနောကျဲခီးကျေးရွာကို လေယာဉ်နဲ့ဗုံးမကြဲခင် အဲဒီနေ့ မနက် ၁၁ နာရီအချိန်ခန့်မှာ မှော်ဘီလေတပ်က Y 12 လေယာဉ်နဲ့ ကင်းထောက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဉာဏ်လင်းသစ်သုတေသနအဖွဲ့ရဲ့ အစီရင်ခံစာအရ အခုနှစ် မေလကနေ ဩဂုတ်လအထိ လေးလအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၄၅၅ ဦး သေဆုံးပြီး ၈၂၀ နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.