နေပြည်တော် ၊ အောက်တိုဘာ ၂၇

အာဏာသိမ်းမှုကြောင့် မတည်မငြိမ်နဲ့ အတက်ကြမ်းနေတဲ့ ပြည်တွင်းရွှေဈေးနှုန်း ထိန်းချုပ်ဖို့အ တွက် ရွှေရည်ညွှန်းဈေး သတ်မှတ်ရေးကော်မတီကို ဖွဲ့စည်းလိုက်တယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်လာပါတယ်။

အောက်တိုဘာ ၂၄ ရက်နေ့ ရက်စွဲနဲ့ဖွဲ့စည်းခဲ့တဲ့ အဲဒီကော်မတီဟာ နိုင်ငံအတွင်းရွှေဈေးနှုန်း တည် ငြိမ်မှန်ကန်စေဖို့နဲ့ နေ့စဉ်ရွှေရည်ညွှန်းဈေးတွေကို တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်း ကမ်းတွေနဲ့အညီ သတ်မှတ်နိုင်ဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

ကော်မတီမှာ စစ်ကောင်စီရဲ့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီးက ဥက္ကဋ္ဌဖြစ်ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုဥက္ကဋ္ဌကတော့ ဒုတိယဥက္ကဋ္ဌ ဖြစ်တယ်လို့ ပါ ရှိပါတယ်။

အဲဒီကော်မတီကို ဥက္ကဋ္ဌအပါအဝင် စစ်ကောင်စီ လက်အောက်ခံဌာနအစုံမှ တာဝန်ရှိသူ ၁၅ ဦးနဲ့ ဖွဲ့စည်းထားပေမယ့် နေ့စဉ်ရွှေရည်ညွှန်းဈေးနှုန်းတွေကို ထုတ်ပြန်နေတဲ့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းအပါအဝင် ရွှေနဲ့ပတ်သက်တဲ့ အသင်းအဖွဲ့တွေ ပါဝင်တာမရှိပါဘူး။

စီးပွားရေး ပညာရှင်တစ်ဦးကတော့ ရွှေဈေးနှုန်းတွေကို ရွှေအသင်းတွေက သတ်မှတ်ပေးတာ အရာမထင်တာကြောင့် အခုလိုကော်မတီဖွဲ့ရတာဖြစ်သလို ထိရောက်မှုမရှိပါက မှောင်ခိုဈေးကွက်နဲ့ အဂ တိတွေပိုများပြီး ပိုပျက်စီးလာမယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ရွှေအသင်းက ဈေးနှုန်းသတ်မှတ်ပေးတာ အရာမထင်လို့ အစိုးရကကော်မတီဖွဲ့ပြီး ဈေးသတ်မှတ်မယ့် သဘောပါ။ နိုင်ငံခြားငွေကို ဗဟိုဘဏ်ရည်ညွှန်းဈေး သတ်မှတ်သလိုမျိုး ရွှေကိုကော်မတီ ရည်ညွှန်းဈေး သတ်မှတ်မှာပေါ့။ အရင်ကတော့ မလိုက်နာရင် ခဏတဖြုတ်အဖမ်းပြပြီး ခံဝန်နဲ့ ပြန်လွှတ်လို့ရပေမယ့် အခုအရေးကြီး ကုန်စည်ဥပဒေနဲ့ ထောင်ဒဏ်ငွေဒဏ်ချလို့ ရသွားတာပေါ့။ ရည် မှန်းတဲ့အတိုင်း ရွှေဈေးတည်ငြိမ်လာရင်တော့ ကောင်းပါတယ်။ မှောင်ခိုဈေးကွက် ပိုကြီးသွားတာ၊ အဂတိတွေ ပိုများလာတာမျိုးဆိုရင်တော့ ပိုပျက်စီးတော့မှာပေါ့”လို့ ဆိုပါတယ်။

စစ်ကောင်စီကတော့ ကော်မတီအနေနဲ့ ရွှေဈေးနှုန်းကို ကမ္ဘာ့ရွှေဈေးနှုန်း၊ နိုင်ငံခြားငွေလဲလှယ်နှုန်းနဲ့ ပြည်တွင်းရွှေဈေးကွက် အခြေအနေကိုအခြေခံပြီး ဗဟိုဘဏ်ကသတ်မှတ်တဲ့ ငွေလဲလှယ်နှုန်းနဲ့ စိ စစ်တွက်ချက်ကာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ရွှေရည်ညွှန်းဈေးကို ကော်မတီဝင်အနည်းဆုံး လေးပုံသုံးပုံ တက်ရောက်ပြီး နေ့စဉ်အတည်ပြု သတ်မှတ်ထုတ်ပြန်ရမယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင်လိုအပ်ပါက မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များ အသင်းချုပ်၊ ရန်ကုန်တိုင်းဒေသကြီးနဲ့ မန္တလေး တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း အပါအဝင် သတ်ဆိုင်ရာအသင်းအဖွဲ့တွေ၊ ကျွမ်းကျင်ပညာရှင်တွေရဲ့ အကြံပြုချက်ကို ရယူဆောင်ရွက်တာနဲ့ ပေါင်းစပ်ဆောင်ရွက်တာတွေ လုပ်ဆောင်ရမယ်လို့ ထုတ်ပြန်ထားပါတယ်။

တဖက်မှာတော့ စစ်ကောင်စီဟာ ရွှေရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်းကို အရေးကြီးကုန်စည်နဲ့ဝန်ဆောင်မှုဥပဒေအရ အရေးကြီးဝန်ဆောင်မှုအဖြစ် သတ်မှတ်လိုက်တယ်လို့ အောက်တိုဘာ ၂၅ ရက်နေ့ ရက်စွဲနဲ့ ထပ်မံထုတ်ပြန်လာပါတယ်။

အရေးကြီးဝန်ဆောင်မှုဖြစ်လာတဲ့ ရွှေနဲ့ပတ်သက်တဲ့ ဝန်ဆောင်မှုလုပ်ငန်းစဉ်တွေအတွက် တားမြစ်မိန့်၊ ကြီးကြပ်မိန့်၊ ကာကွယ်မိန့်အပါအဝင် စည်းမျဉ်းစည်းချက် ထုတ်ပြန်ခွင့်တွေကို သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနထံ လုပ်ပိုင်ခွင့်ပေးအပ်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.