နေပြည်‌တော် ၊ အောက်တိုဘာ ၂၇

စစ်ကောင်စီလက်ထက်မှာ မြန်မာစစ်တပ်သမိုင်းကို တဆစ်ချိုးပြောင်းလဲပေးလိုက်တဲ့ ညီနောင်မ ဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ လူထုထောက်ခံမှုနဲ့အတူ အောက်တိုဘာ ၂၇ ရက်နေ့မှာ တစ်နှစ်တာခရီးကို ဖြတ်သန်းရောက်ရှိလာခဲ့ပါပြီ။

စစ်ဆင်ရေးကာလအတွင်း ရှမ်းမြောက်က ဒေသကွပ်ကဲမှုစစ်ဌာနချုပ်နဲ့ အရှေ့မြောက်တိုင်းစစ် ဌာနချုပ်ကို သိမ်းပိုက်နိုင်တာကလည်း စစ်ကောင်စီအရှိုက်ကို ထိုးနှက်နိုင်ခဲ့တဲ့အောင်ပွဲလို့ စစ်ရေးအကဲခတ်တွေက ဆိုကြပါတယ်။

မြန်မာပြည်သူတစ်ရပ်လုံး လိုလားတဲ့ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေး၊ မိမိတို့ဒေသကို ထိန်းချုပ်နိုင်ရေးနဲ့ ကျားဖြန့်တိုက်ဖျက်ရေးဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ နွေဦးတော်လှန်ရေးကို အရှိန်တင်ပေးခဲ့တာလည်း ဖြစ်ပါတယ်။

CDM ဗိုလ်ကြီး ဇင်ယော်က ၁၀၂၇ စစ်ဆင်ရေးအရွေ့မှာတင် ကရင်နီဘက်ကိုလည်း တစ်လေးလုံး စစ်ဆင်ရေးပါလာခဲ့ပြီး စစ်ကောင်စီ လက်လွှတ်ခဲ့ရတဲ့မြို့တွေ အများကြီးဖြစ်လာတယ်လို့ သံလွင်တိုင်းမ်ကို ပါတယ်။

“ကျွန်တော်တို့ နွေဦးတော်လှန်ရေးက လွန်ခဲ့တဲ့ တစ်နှစ် ၁၀၂၇ မစခင်မှာ အရှိန်လျော့ကျသွားဖြစ်သွားတယ်။ ပြည်သူတွေ အားမလိုအားမရဖြစ်သွားတယ်။ဒါပေမယ့် ၁၀၂၇ အ‌ရွေ့မှာတင် သိမ်းပိုက်နိုင်တဲ့မြို့တွေ ကရင်နီဘက်ကနေလာတဲ့ ၁၁၁၁ ပါလာခဲ့တယ်။ စစ်ကောင်စီလက်လွှတ်ခဲ့ရတဲ့ မြို့တွေ အများကြီးဖြစ်လာတယ်”လို့ ဆိုပါတယ်။

စစ်ဆင်ရေးရည်ရွယ်ချက်ထဲက မိမိတို့ဒေသထိန်းချုပ်ရေးအတွက် မြို့သိမ်းစခန်းသိမ်းတိုက်ပွဲတွေ မြိုင်ဆိုင်ခဲ့ပြီး စစ်ကောင်စီကိုလည်း စိုးမိုးနယ်မြေတွေ ဆုံးရှုံးမှု ဆက်တိုက်ကြုံတွေ့စေခဲ့တယ်လို့ ကိန်းဂဏန်းတွေက ဖော်ပြပါ တယ်။

ငြိမ်းချမ်းရေးဖြစ်စဉ်တွေကို စောင့်ကြည့်နေတဲ့ BNI-Myanmar Peace Monitor ရဲ့ အောက်တို ဘာ ၁၁ ရက်နေ့မှာ ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ ညီနောင်မဟာမိတ်သုံးဖွဲ့ သိမ်းယူထားတဲ့ မြို့ပေါင်း ၃၈ မြို့အထိ ရှိလာတာပါ။

တစ်ဘက်မှာ စစ်ဆင်ရေးဖိအားကြောင့် ကျားဖြန့်လုပ်ငန်းနဲ့ပတ်သက်ပြီး ဆက်စပ်နေတဲ့ မြန်မာဘက်က တရုတ်နိုင်ငံသား ငါးသောင်းနီးပါးကို တရုတ်ဘက် ပြန်လည်လွှဲပြောင်းခဲ့တယ်လို့ စစ်ကောင်စီက အခုနှစ် ဖေဖော်ဝါရီမှာ ထုတ်ပြန်ခဲ့ပါတယ်။

၁၀၂၇ စစ်ဆင်‌ရေးကို ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ MNDAA ၊ TNLA နဲ့ AA တို့က ၂၀၂၃ ခုနှစ် အောက် တိုဘာ ၂၇ ရက်နေ့မှာ စစ်ကောင်စီကို စစ်ကြေညာချက်နဲ့အတူ ရှမ်းမြောက်မှာ တပြိုင်နက်တည်း ထိုးစစ်ဆင်ခဲ့ တာပါ။

အဲဒီကနေတဆင့် AA ကလည်း ၂၀၂၃ ခုနှစ် နိုဝင်ဘာမှာ ချင်းပြည်နယ် ပလက်ဝမြို့နဲ့ ရခိုင်ပြည် နယ်က စစ်ကောင်စီတပ်စခန်းတွေ အခြေစိုက်တဲ့ဒေသတွေကို တစ်ခုပြီးတစ်ခု ထိုးစစ်ဆင်တိုက် ခိုက်ခဲ့တာ ဖြစ်ပါတယ်။

စစ်ဆင်ရေးအတွင်း စိုးမိုးနယ်မြေတွေ တပ်စခန်းတွေကို ဆုံးရှုံးမှုများခဲ့တဲ့ စစ်ကောင်စီက တရုတ်ကြားဝင်ပေးမှုနဲ့ ရှမ်းမြောက်မှာ အပစ်ခတ်ရပ်စဲဖို့ ညီနောင်သုံးဖွဲ့နဲ့ အခုနှစ်ဆန်ပိုင်းမှာ သဘောတူခဲ့ပါတယ်။

ဒါပေမယ့် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အခုနှစ် ဇွန် ၂၅ ရက်နေ့မှာတော့ TNLA က ၁၀၂၇ စစ်ဆင်ရေးဒုတိယပိုင်းကို တစ်ကျော့ပြန် စတင်ခဲ့ပြီး အဲဒီနောက်မှာ MNDAA လည်း လားရှိုးမြို့ကိုသိမ်းဖို့ ဖြစ်လာပါတယ်။

၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့တဲ့အချိန်မှာ တရုတ်အစိုးရရဲ့ မီးစိမ်းပြမှုကြောင့်လို့ ဝေဖန်မှုတွေရှိခဲ့ပြီး ကြားထဲမှာ နှစ်ဘက်အပစ်ခတ်ရပ်စဲမှုကနေ တစ်ကျော့ပြန်လာတဲ့ စစ်ဆင်ရေးအလယ် တရုတ်အ စိုးရရဲ့ ဖိအားတွေလည်းရှိနေတာပါ။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က တရုတ်အနေနဲ့ သူ့အကျိုးစီးပွားကို ကာကွယ်ပေးမယ့် အင်အားစုဟာ စစ်တပ်လို့မြင်နေတာကြောင့် ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းကိုရပ်ဖို့ ဖိအားမျိုးစုံပေးလာတာလို့ သုံးသပ်ပါတယ်။

”မြန်မာပြည်မှာ တရုတ်အနေနဲ့အားကိုးစရာက သူ့အကျိုးစီးပွားကို ကာကွယ်ပေးမယ့် အင်အားစုဟာ စစ်တပ်လို့ မြင်နေတဲ့အခါမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ နယ်စပ်ဒေသမှာရှိတဲ့ အင် အားစုတွေရဲ့ တိုက်ပွဲတွေဟာ စစ်ကောင်စီရဲ့ တပ်ကို ထိခိုက်နစ်နာမှုများပြားပြီး နယ်မြေဆုံးရှုံးမှုများပြားလာတဲ့အခါ အဲဒီအခြေအနေတွေကို တားဆီးဖို့ ပြန်ပြီးကြိုးပမ်းလာတဲ့ အခြေအနေအောက်မှာ ၁၀၂၇ ဒုတိယအဆင့်ကိုရပ်ဖို့ တရုတ်ကဖိအားမျိုးစုံပေးလာတာ ဖြစ်ပါတယ်”လို့ ဆိုပါတယ်။

တရုတ်အစိုးရဖိအားကြောင့် MNDAA က NUG နဲ့ စစ်ရေးနိုင်ငံရေးအရ ပူးပေါင်းတာ၊ စစ်မြေပြင်ချဲ့ထွင်တာ၊ မန္တလေးနဲ့ တောင်ကြီးကို ထိုးစစ်ဆင်မှာ မဟုတ်ဘူးလို့ ပြီးခဲ့တဲ့လမှာ နိုင်ငံရေးရပ်တည် ချက်ကို ကြေညာခဲ့ပါတယ်။

တစ်ဘက်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေလည်း ဆက်ရှိနေတဲ့အတွက် ၁၀၂၇ စစ်ဆင်ရေးမှာ MNDAA ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ရပ်တန့်ခဲ့ရပြီး TNLA နဲ့ AA ကတော့ မူလအစီအစဉ်အတိုင်း ဆက်လက်လှုပ်ရှားနေတာပါ။

ဒါကြောင့် စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးအတွက် အားလျော့သွားပေမယ့် ကာလတစ်ခုအထိ အချိန်ယူပြီး အပြောင်းအလဲတွေ ဆက်လက်သယ်ဆောင်လာဖို့ ပြည်သူတွေက မျှော်လင့်နေကြတယ်လို့ ဦးသန်းစိုးနိုင်က မှတ်ချက်ပြုပါတယ်။

သံလွင်တိုင်းမ်အနေနဲ့ ၁၀၂၇ စစ်ဆင်ရေး တစ်နှစ်တာခရီးနဲ့ပတ်သက်ပြီး ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူတွေထံ အွန်လိုင်းကနေ ဆက်သွယ်ခဲ့ပေမယ့် အကြောင်းပြန်ကြားခြင်း မရှိခဲ့ပါဘူး။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.