တီဟီရန်၊ အောက်တိုဘာ ၂၆

တီဟီရန်အစိုးရနဲ့ သူ့ရဲ့ ကိုယ်စား လက်နက်ကိုင်အဖွဲ့တွေက လနဲ့ချီပြီး အဆက်မပြတ် တိုက်ခိုက်နေမှုအတွက် လက်တုံ့ပြန်တဲ့အနေနဲ့ အောက်တိုဘာ ၂၆ ရက် မနက်စောစောပိုင်းမှာ အီရန်ကို တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ကြောင်း အစ္စရေးက ပြောပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်နောက်ပိုင်း အစ္စရေးကို မဆင်မခြင် တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတဲ့ အီရန်နိုင်ငံရဲ့ စစ်ဖက်ဆိုင်ရာ ပစ်မှတ်တွေကို တိတိကျကျ တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေး ကာကွယ်ရေးတပ်က ပြောကြားထားပါတယ်။

မြို့တော် တီဟီရန်နဲ့ အနီးတဝိုက်မှာ ပေါက်ကွဲမှုတွေ အများကြီး ဖြစ်ပေါ်ခဲ့ကြောင်း အီရန်နိုင်ငံပိုင် သတင်းဌာနက ဖော်ပြပြီးနောက် အစ္စရေးစစ်တပ်က တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ကြောင်း အတည်ပြု ပြောကြားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လက အီရန် မြေပေါ်မှာ ဟားမာ့စ်အဖွဲ့ရဲ့ နိုင်ငံရေး ခေါင်းဆောင်ကို ရှင်းလင်း သုတ်သင်မှုအတွက် လက်စားပြန်ချေတဲ့အနေနဲ့ အီရန်က အောက်တိုဘာ ၁ ရက်မှာ အစ္စရေးကို ဒုံးကျည် အလုံးရေ ၂၀၀ နီးပါးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။

အစ္စရေးမှာ တုံ့ပြန်ပိုင်ခွင့်နဲ့ တုံ့ပြန်ရမယ့် တာဝန်ရှိပြီး စစ်တပ်ရဲ့ ကာကွယ်ရေးနဲ့ တိုက်ခိုက်ရေး စွမ်းပကားတွေ အများကြီး စုစည်းထားတယ်လို့ အစ္စရေး စစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဒန်နီရယ် ဟာဂရီက ပြောကြားခဲ့ပါတယ်။

အစ္စရေးရဲ့ အနီးကပ်ဆုံး မဟာမိတ် အမေရိကန်က အောက်တိုဘာ ၂၆ ရက် စောစောပိုင်း အစ္စရေးရဲ့ တိုက်ခိုက်မှုတွေဟာ ကိုယ်ကိုယ်ကို ခုခံ ကာကွယ်မှု ပြုလုပ်တာ ဖြစ်တယ်လို့ ပြောပါတယ်။

အောက်တိုဘာ ၁ ရက်က အီရန်ဘက်ကနေ ပစ်လိုက်တဲ့ ဒုံးကျည် အများစုကို အစ္စရေး စစ်တပ်က ကြားဖြတ် ရှင်းလင်းနိုင်ခဲ့ပြီး တောင်ပိုင်းနဲ့ အလယ်ပိုင်းမှာ ထိမှန်မှု အနည်းငယ် ရှိခဲ့ပါတယ်။

အာဇာနည် ဟားမာ့စ် ခေါင်းဆောင် အစ္စမေးလ် ဟာနီယာကို အစ္စရေးက မိမိတို့ရဲ့ အချုပ်အခြာ အာဏာကို ချိုးဖောက်ပြီး သုတ်သင် ရှင်းလင်းခဲ့တယ်လို့ အီရန်က ပြောပါတယ်။

အဲဒီ ဟားမာ့စ်ခေါင်းဆောင်ဟာ ဇူလိုင်လက တီဟီရန်မြို့မှာ ပေါက်ကွဲမှု တစ်ခုအတွင်း သေဆုံးခဲ့တာ ဖြစ်ပြီး အီရန်အရာရှိတွေက အစ္စရေး လက်ချက်လို့ စွပ်စွဲထားပေမယ့် အစ္စရေးက ဝန်လည်း မခံသလို ငြင်းလည်း မငြင်းပါဘူး။

ဟစ်ဇဘိုလာအဖွဲ့ကို ရှင်းလင်းရေး ဆိုတဲ့ ခေါင်းစဉ်နဲ့ အစ္စရေးတပ်တွေ လက်ဘနွန် တောင်ပိုင်းသို့ ဝင်ရောက် ထိုးစစ်ဆင်ပြီးနောက်မှာ ဒေသတွင်း တင်းမာမှု ပိုမို မြင့်တက်လာခဲ့ပါတယ်။

အောက်တိုဘာ ၂၆ ရက် နံနက်စောစောက အစ္စရေးရဲ့ တိုက်ခိုက်မှုမှာ မိမိတို့ ပါဝင်ပတ်သက်မှု မရှိကြောင်း အမေရိကန် စစ်ဖက်ဆိုင်ရာ အရာရှိတွေက ပြောဆိုထားပါတယ်။

Ref:BBC/CNN

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.