default

လားရှိုး၊ အောက်တိုဘာ ၂၆

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ရှိ ရွှေမြင်းနှစ်ကောင် ဓာတ်ခဲစက်ရုံကို စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဦး သေဆုံးခဲ့တယ်လို့ ကိုးကန့်တပ်မတော် MNDAA က ထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၂၅ ရက် နေ့လည် ၁ နာရီခွဲအချိန်ခန့်မှာ လားရှိုးမြို့နယ် မယ်ဟန်ကျေးရွာရှိ ရွှေမြင်းနှစ်ကောင် ဓာတ်ခဲစက်ရုံကို စစ်ကောင်စီကလေကြောင်းကနေ ဗုံး ၄ လုံးထက်မနည်း ကြဲချတိုက် ခိုက်ခဲ့တာပါ။

စစ်ကောင်စီရဲ့ ဗုံးကြဲမှုကြောင့် ရွှေမြင်းနှစ်ကောင် ဓာတ်ခဲစက်ရုံအပါအဝင် အနီးအနားရှိ အဆောက် အဦးတွေ ပျက်စီးဆုံးရှုံးခဲ့ရပြီး ဆိုင်ကယ်စီးလာတဲ့ အပြစ်မဲ့အရပ်သားပြည်သူတစ်ဦး ဗုံးစထိမှန် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ အခုလိုလားရှိုးမြို့ရှိ စစ်ရေးပစ်မှတ် မဟုတ်တဲ့နေရာတွေကို အကြောင်းမဲ့ လေ ကြောင်းဗုံးကြဲ တိုက်ခိုက်နေတာဟာ ပြီးခဲ့တဲ့ဩဂုတ်လအလယ်ကနေ ဒီကနေ့အချိန်ထိ အကြိမ်ရေ ၃၀ နီးပါးရှိပြီး ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၃ ရက်နေ့ကလည်း လားရှိုးမြို့အဝင် ဆိုင်ဘုတ်အနီးရှိ ရိုးရာဆန်အရက်ချက်စက်ရုံ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စက်ရုံအတွင်းရှိ အဆောက်အအုံတွေ မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – MNDAA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.