မကွေး အောက်တိုဘာ ၂၆

မကွေးတိုင်း ထီးလင်းမြို့နယ် ကျားခဲရွာက ရွာအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် လေးဦးကို စစ်ကောင်စီတပ်သားတွေက အရှင်လတ်လတ် မီးရှို့သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အောက်တိုဘာ ၂၆ ရက် မနက် ၄ နာရီဝန်းကျင်မှာ ကျားခဲရွာကို စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်လာတာဖြစ်ပြီး ကျားခဲရွာအဝင် မြောက်ဘက်ဂိတ်မှာ သတ်ဖြတ်သွားတာလို့ သိရပါတယ်။

“သိပ်မကြာသေးခင်ကပဲ စကစဘက်က ပျူစောထီးတစ်ဦးက သေနတ်တွေနဲ့ အဲဒီဘက်လမ်းကနေ ပြေးလာပြီး ကာကွယ်ရေးအဖွဲ့တွေဆီ ခိုလှုံသွားတာရှိတယ်။ အဲဒါကြောင့် အငြိုးထားပြီး ဒီလိုလုပ်တာပါ” လို့ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ရွှေထီးခန်းမမှာရှိတဲ့ အင်အား ၈၀ ဝန်းကျင်ပါ ပျူစောထီးနဲ့ စစ်ကောင်စီ ပူးပေါင်းစစ်ကြောင်းဟာ ကျားခဲရွာက ပကဖ လေးဦးကိုသတ်ဖြတ်ခဲ့တဲ့အပြင် ဒေသခံတစ်ဦးကိုလည်း သေနတ်နဲ့ ပစ်သတ်သွားကာ ၃ ဦးကို ရွှေထီးခန်းမဆီ ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ကျေးရွာအတွင်း စစ်ကြောင်းဝင်ရောက်စဉ်က လက်နက်ငယ်တွေနဲ့ တရစပ် ပစ်ခတ်တာကြောင့် ဒဏ်ရာရသူတွေရှိနေပြီး အဆက်သွယ်ပြတ်တောက်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီက ဂန့်ဂေါခရိုင်က ထီးလင်း၊ ကျောက်ထုတဝိုက်က ငါးမိုင်ပတ်လည်မှာ နယ်မြေစိုးမိုးရေး လုပ်ဆောင်ကြဖို့ အမိန့်ပေးထားတယ်လို့လည်း သိရပါတယ်။

အောက်တိုဘာ ၂၆ ရက် နေ့လယ် ၁၁ နာရီဝန်းကျင်မှာတော့ စစ်ကောင်စီစစ်ကြောင်းဟာ ရွှေထီးခန်းမကို ပြန်လည်ဝင်ရောက်သွားပြီဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ ရက်က ထီးလင်းမြို့နယ်က ပျူစောထီးတစ်ဦးဟာ သေနတ် ၃ လက် ယူဆောင်ပြီး ဂန့်ဂေါခရိုင်တပ်ရင်း ၁၁ ထံခိုလှုံခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.