ဘန်ကောက်၊ အောက်တိုဘာ ၂၆

စင်ကာပူနဲ့ ဆွစ်ဇာလန်နိုင်ငံတွေမှာလိုမျိုး ထိုင်းနိုင်ငံရဲ့ ပုဂ္ဂလိကနဲ့ အစိုးရကဏ္ဍနှစ်ခု စလုံးအတွက် ပင်စင်ယူနိုင်တဲ့ အသက်အရွယ်ကို ၆၅ နှစ် တိုးမြှင့်သတ်မှတ်ဖို့ စီစဉ်နေတယ်လို့ အလုပ်သမားဝန်ကြီး ဖီဖတ် ရတ်ချာကစ်ပရန်ခန်က ပြောကြားခဲ့ပါတယ်။

ယနေ့ခေတ် ကျန်းမာရေးနဲ့ ဆေးဝါးနယ်ပယ်မှာ အဆင့် တိုးမြှင့်မှုတွေကြောင့် အလုပ်ကနေ အနားယူနိုင်တဲ့ အသက်အရွယ်ကို ၆၅ နှစ်သို့ တိုးမြှင့်ဖို့ စီစဉ်ရတာ ဖြစ်တယ်လို့ ဝန်ကြီး ဖီဖတ်က အောက်တိုဘာလ ၂၅ ရက်မှာ ပြောဆိုထားပါတယ်။

အလုပ်သမားဝန်ကြီးဌာနက လူမှုဖူလုံရေး အက်ဥပဒေ ပြောင်းလဲ ပြင်ဆင်ရေး အတွက်လည်း စီစဉ်နေပြီး မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားတို့က အလုပ်သမားတွေ အပါအဝင် ရွှေ့ပြောင်းအလုပ်သမား ၂ သန်းအတွက် လူမှုဖူလုံရေး အကျိုးခံစားခွင့်တွေ ရရှိအောင် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ဝန်ကြီးက ဖြည့်စွက် ပြောကြားထားပါတယ်။

ကိုယ်ပိုင် အလုပ်လုပ်ကိုင်သူတွေနဲ့ စက်မှုလုပ်ငန်း အလုပ်သမားတွေဟာ လက်ရှိ လူမှုဖူလုံရေးစနစ်မှာ မပါသေးတာကြောင့် ဥပဒေ ပြင်ဆင်ပြီးနောက်မှာ အဲဒီစနစ်နဲ့ မှတ်ပုံတင်ရမယ်လို့ အလုပ်သမား ဝန်ကြီးက ဆိုပါတယ်။

ဒီလို အလုပ်သမားတွေထဲမှာ တက္ကစီယာဉ်မောင်းတွေ၊ စက်ဘီးနဲ့ ပစ္စည်း လိုက်ပို့သူတွေ၊ စိုက်ပျိုးရေး အလုပ်သမားတွေ၊ အိမ်အကူတွေနဲ့ လမ်းဘေးဈေးသည်တွေ ပါဝင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် လူမှုဖူလုံရေး ရန်ပုံငွေအတွက် အစိုးရက ၂ ဒသမ ၅ ရာခိုင်နှုန်း ထောက်ပံ့ပြီး အလုပ်ရှင်နဲ့ အလုပ်သမားတွေက ၂ ရာခိုင်နှုန်းအထိ တိုးမြှင့်ထည့်ဝင်ကြဖို့ အဆိုပြုချက်တွေလည်း ထွက်ပေါ်နေပါတယ်။

လက်ရှိ ငွေတန်ဖိုးနဲ့အညီ လုပ်ခလစာ ပြောင်းလဲ သတ်မှတ်ပေးရေးအတွက်လည်း စီစဉ်နေတယ်လို့ အလုပ်သမားဝန်ကြီးက ပြောကြားပါတယ်။

ထိုင်းအစိုးရက တရားမဝင် နိုင်ငံခြားသား အလုပ်သမား အားလုံးကို မှတ်ပုံတင်နိုင်ရေး စီစဉ်နေပြီး အနိမ့်ဆုံး လုပ်ခလစာ တိုးပေးဖို့လည်း စီစဉ်ထားပါတယ်။

အဲဒီလို အရေးယူ ဆောင်ရွက်မှုတွေ မလုပ်ဘူးဆိုရင် လူမှုဖူလုံရေး ရန်ပုံငွေဟာ လာမယ့် နှစ် ၃၀ အတွင်း ပြောင်သလင်း ခါသွားမယ်လို့ အလုပ်သမား ဝန်ကြီး ဖီဖတ်က ပြောဆိုထားပါတယ်။

Ref: Bangkokpost

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.