မကွေး အောက်တိုဘာ ၂၆

မကွေးတိုင်း ဂန့်ဂေါမြို့နယ် မြောက်ခင်ရန်းရွာက ပျူစောထီးတွေရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် တောင်ခင်ရန်းရွာမှာ ဒဏ်ရာရသူ ၂ ဦး ရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာ ၂၅ ရက် နေ့လယ်ပိုင်းက မြောက်ခင်ရန်းရွာကနေ ၁၂၀ မမ လက်နက်ကြီးတွေနဲ့ တောင်ခင်ရန်းနဲ့ ရွှေဘိုရွာတွေဘက်ကို ပစ်ခတ်ခဲ့တာပါ။

“အကြောင်းမဲ့ပစ်ခတ်တာပါ။ တစ်ယောက်ကတော့ ခြေထောက်ကိုဖြတ်ရမယ်။ တိုက်ပွဲမရှိဘဲနဲ့ပစ်ခတ်တာပါ” လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

၁၂၀ မမ လက်နက်ကြီးနဲ့ ၆ ကြိမ်ပစ်ခတ်ခဲ့တာမှာ တောင်ခင်ရန်းရွာ အမှတ် ၁ ရပ်ကွက်ဘက်ကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

လက်နက်ကြီးပေါက်ကွဲတာကြောင့် အသက် ၆၀ အရွယ် ဒေါ်စန်းလှိုင်ရဲ့ခြေထောက်မှာ လက်နက်ကြီးစ ထိမှန်ပြီး ဒူးအောက်ပိုင်း ဖြတ်တောက်ရမည်ဖြစ်ကာ အသက် ၅၆ အရွယ် ဦးပြုံးချိုလည်း ခြေထောက်ကိုလက်နက်ကြီးစ ထိမှန်ခဲ့တယ်လို့ သိရပါတယ်။

ဒဏ်ရာသူတွေကို တောင်ခင်ရန်းရွာ ပအဖ၊ ပကဖ အဖွဲ့ဝင်တွေနဲ့ ဂန့်ဂေါမြို့နယ် ပကဖ ဆေးဝါးတာဝန်ခံ၊ ကူညီကယ်ရေးတာဝန်ခံနဲ့ အဖွဲ့တို့က ကူညီကယ်ထုတ်တာ အရေးပေါ် ဆေးကုသမှုပေးတာတွေဆောင်ရွက်ပြီး အနီးဆုံးဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

ဂန့်ဂေါမြို့နယ် မြောက်ခင်ရန်းပျူ​စောထီးကျေးရွာဟာ ဘူးလက်လှဆွေရဲ့ အမာခံနေရာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကလည်း YDF ကရဲဘော်နှစ်ဦးကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်တဲ့ ကျေးရွာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.