ရွှေကျင်၊ အောက်တိုဘာ ၂၅

ပဲခူးတိုင်း ရွှေကျင်မြို့နယ် ကွင်းဆိပ်ကျေးရွာထဲ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၀ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်မှာ စစ်ကောင်စီရဲ့ အမှတ် ၄၄၀ ခြေမြန်တပ်ရင်းကနေ တိုက်ပွဲမရှိဘဲ ကွင်းဆိပ်ကျေးရွာထဲ ၈၁ မမ လက်နက်ကြီး တစ်လုံး ပစ်ခတ်ခဲ့တာပါ။

စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် အသက် ၂ နှစ်အရွယ် မဆန်ရတီမေ၊ အသက် ၁၀ နှစ်အရွယ် မောင်သီဟထိုက်ပိုင်၊ အသက် ၃၃ နှစ်အရွယ် ဦးချစ်ကိုဝိုင်းတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် တစ်လုံး ပျက်စီးခဲ့ပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ ကွင်းဆိပ်ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားလာနိုင်တာကြောင့် စစ်ကောင်စီဘက်က သတိပေးပြီးနောက် လက်နက်ကြီး ပစ်ခတ်မှုတွေ လုပ်ဆောင်နေတာပါ။

စစ်ကောင်စီဘက်က လက်နက်ကြီး ပစ်ခတ်နေတဲ့အတွက် ဒေသခံပြည်သူလူထုတွေဟာ အောက်တိုဘာ ၅ ရက်နေ့ကစပြီး ကျေးရွာထဲကနေ ပြောင်းရွှေ့သွားတာတွေ ရှိနေပြီး မပြောင်းရွှေ့နိုင်တဲ့ ဒေသခံပြည်သူတချို့ လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာရတာတွေ ရှိလာခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.