လန်ဒန်၊ အောက်တိုဘာ ၂၅

ယူကရိန်းအတွက် လက်နက် ဝယ်ယူဖို့နဲ့ ပျက်စီးသွားတဲ့ အခြေခံ အဆောက်အအုံတွေ ပြန်လည် တည်ဆောက်ဖို့ ဂျီ-၇ အဖွဲ့ရဲ့ ပိုကြီးမားတဲ့အကူအညီ တစ်စိတ်တစ်ပိုင်းအနေနဲ့ ဗြိတိန်က ကိဗ် အစိုးရကို ဒေါ်လာ ၂ ဒသမ ၉ ဘီလီယံ ထုတ်ချေးပေးသွားမှာ ဖြစ်ပါတယ်။

ဗြိတိန်က လှူဒါန်းတဲ့ ငွေတွေဟာ ယူကရိန်းအတွက် လက်နက်တွေ ဝယ်ယူဖို့ သီးသန့် ဖြစ်ပြီး အကွာအဝေးများများ မောင်းနှင်နိုင်တဲ့ ဒရုန်းတွေ တည်ဆောက်ဖို့အတွက် ဖြစ်တယ်လို့ ဗြိတိန် ကာကွယ်ရေးဝန်ကြီး ဂျွန် ဟာလေက ပြောပါတယ်။

ယူကရိန်းအတွက် ဂျီ-၇ အဖွဲ့ရဲ့ ချေးငွေမှာ ဗြိတိန် ပါဝင် ဖြည့်ဆည်းပေးတာက ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်က လန်ဒန်မှာ ယူကရိန်းသမ္မတ ဇီလန်စကီးနဲ့ ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာတို့ကြား ဆွေးနွေးမှု ရလဒ် ဖြစ်လို အီတလီမှာ ကျင်းပခဲ့တဲ့ ဂျီ-၇ အဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီးတွေဆွေးနွေးမှုရဲ့ ရလဒ် ဖြစ်တယ်လို့လည်း ဝန်ကြီး ဟာလေက ပြောပါတယ်။

ရုရှားပိုင်နက် အတွင်းနက်နက်အထိ တိုက်ခိုက်နိုင်တဲ့ ဗြိတိန်နိုင်ငံထုတ် Storm Shadow ဒုံးကျည်တွေ ဝယ်ယူဖို့ ယူကရိန်းကို အခု ချေးငွေတွေ အသုံးပြုခွင့်ပေးသွားမှာလား ဆိုတဲ့ မေးခွန်းကိုတော့ ဝန်ကြီး ဟာလေက ယူကရိန်းက အဆင့်မြင့်ဒရုန်းတွေ အများအပြား ထုတ်လုပ်နေပြီး မိမိတို့နဲ့ လက်တွဲ ဆောင်ရွက်မှာဖြစ်ကြောင်းပဲ တုံ့ပြန် ပြောကြားခဲ့ပါတယ်။

အနောက်တိုင်းအနေနဲ့ သူတို့ ပေးပို့ထားတဲ့ အဆင့်မြင့် လက်နက်တွေကို ယူကရိန်းဆီ အသုံးပြုခွင့် ပေးမယ်ဆိုရင် နေတိုးနဲ့ ရုရှားကြား တိုက်ရိုက် စစ်ဖြစ်လာနိုင်တယ်လို့ ကရင်မလင် နန်းတော်က သတိပေးထားပါတယ်။

ဂျီ-၇ အဖွဲ့က ယူကရိန်းအတွက် အကူအညီ ဒေါ်လာ ၅၀ ဘီလီယံ ပေးမှာ ဖြစ်ကြောင်း ဇူလိုင်လမှာ ကြေညာခဲ့ပါတယ်။

ဒီလို ယူကရိန်း အတွက် ကူညီရာမှာ အနောက်တိုင်းက သိမ်းဆည်းထားတဲ့ ရုရှားရဲ့ ပိုင်ဆိုင်မှု ဒေါ်လာ ၃၀၀ ဘီလီယံကိုလည်း သုံးစွဲမှာ ဖြစ်ပါတယ်။

ဒီပိုင်ဆိုင်မှုတွေကို ရုရှားက ယူကရိန်းသို့ ကျူးကျော်ပြီး မကြာခင်မှာပဲ အနောက်တိုင်းက သိမ်းဆည်းထားခဲ့တာ ဖြစ်ပါတယ်။

မိမိတို့ဆီက သိမ်းဆည်းထားတဲ့ ငွေကြေးတွေနဲ့ ယူကရိန်းကို ထောက်ပံ့ ကူညီတာဟာ တရားမဝင်ဘဲ လက်တုံ့ပြန်သွားမယ်လို့ ရုရှားက အကြိမ်ကြိမ် ခြိမ်းခြောက်နေတာပါ။

အမေရိကန် သမ္မတရွေးကောက်ပွဲမှာ ဒေါ်နယ်ထရန့် အနိုင်ရနိုင်ခြေနဲ့ ပတ်သက်တဲ့ စိုးရိမ်မှုတွေကြောင့် အနောက်တိုင်းက ယူကရိန်းအတွက် အကူအညီ ရရှိဖို့ သေချာအောင် ကြိုတင် ပြင်ဆင်နေချိန်မှာ ဂျီ-၇ အဖွဲ့ကလည်း ကိဗ်အစိုးရကို အကူအညီတွေ အရှိန်မြှင့် ပေးအပ်နေပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.