မော်လမြိုင် ၊ အောက်တိုဘာ ၂၆

စစ်တပ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်နေတဲ့ မြန်မာ့အကျပ်အတည်းနဲ့ပတ်သက်ပြီး အိမ်နီးချင်းတ ရုတ်နိုင်ငံအစိုးရရဲ့ ဝင်ရောက်စွက်ဖက်မှုအပေါ် မြန်မာပြည်သူတွေကြား ဝေဖန်မှုမြင့်တက်နေပါတယ်။

ရန်ကုန်အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရဲ့ Facebook စာမျက်နှာမှာ ဖော်ပြထားတဲ့ ပိုစ့်တွေအောက်မှာ တရုတ်အစိုးရအနေနဲ့ မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တာ ရပ်တန်းကရပ်ဖို့ မှတ်ချက်ပြု ရေးသားနေကြတာပါ။

တရုတ်အစိုးရအနေနဲ့ မြန်မာပြည်သူတွေရဲ့ဆန္ဒကို အလေးထားပြီး မြန်မာပြည်သူတွေကို သတ် ဖြတ်နေတဲ့ စစ်အုပ်စုကို ထောက်ခံပံ့ပိုးနေတာတွေကို ချက်ချင်းရပ်ပါဆိုပြီး အပြုသဘောဆောင် တိုက်တွန်းထားတာ တွေ့ရပါတယ်။

တရုတ်အစိုးရရဲ့ ချစ်ကြည်ရေးမူဝါဒဟာ မြန်မာပြည်သူတစ်ရပ်လုံးကို မျက်နှာမူတယ်လို့ ပြောပေမယ့် နေ့စဉ်နေ့တိုင်း လူ့အခွင့်အရေးချိုးဖောက်နေတဲ့ စစ်ကောင်စီကို ထောက်ပံ့နေတဲ့အပေါ် ပြည်သူတွေက မေးခွန်းထုတ်စရာ ဖြစ်နေတာပါ။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က တရုတ်အနေနဲ့ စစ်ကောင်စီပြိုသွားရင် တိုင်းပြည်လည်း ပြိုကွဲသွားလိမ့်မယ်ဆိုတဲ့အမြင်နဲ့ စစ်ကောင်စီကို ဆက်လက်ကူညီပေးနေတဲ့အပေါ် ပြည်သူတွေက ဝိုင်းဝန်းကန့်ကွက်နေတာလို့ သုံးသပ်ပါတယ်။

“တရုတ်က စစ်ကောင်စီဘက်ကနေပြီးတော့ စစ်ကောင်စီပြိုကွဲသွားရင် တိုင်းပြည်လည်း ပြိုကွဲသွားလိမ့်မယ်ဆိုတဲ့အမြင်နဲ့ စစ်ကောင်စီဆက်လက်ရပ်တည်ဖို့ တရုတ်က အကူအညီအမျိုးမျိုးပေးတာတွေ နောက်ပြီးတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအပေါ်မှာ ဖိအားပေးတာတွေ အမြောက်အများဖြစ်လာတဲ့အခါမှာ အခုက‌တော့ မြန်မာပြည်သူတစ်ရပ်လုံးက တရုတ်ပြည်ရဲ့ စစ်ကောင်စီအပေါ်မှာ အားပေးကူညီမှုနဲ့ ထောက်ခံမှုတွေကို ဝိုင်းဝန်းဆန့်ကျင်ကန့်ကွက်နေတာပါ”လို့ ဆိုပါတယ်။

တစ်ဘက်မှာ တရုတ်နဲ့ပူးပေါင်းပြီး နိုင်ငံရေးထွက်ပေါက်ရှာဖို့ ကြိုးပမ်းနေတဲ့ စစ်ကောင်စီကို တပ် ထောက်ခံသူတွေဖြစ်တဲ့ မဘသတွေကိုယ်တိုင် တရုတ်ဆီကနေ အကူအညီရယူတဲ့အပေါ် ဝိုင်းဝန်းဆန္ဒပြတာတွေလည်း ရှိနေတာပါ။

ဒီအတွက်ကြောင့် မြန်မာပြည်သူတစ်ရပ်လုံးက ပြည်တွင်းရေးမှာ တရုတ်ရဲ့ စွက်ဖက်မှုနဲ့ စစ်ကောင် စီအပေါ် အားပေးကူညီမှုတွေကို ဝိုင်းဝန်းဆန့်ကျင်တာတွေ များပြားလာတဲ့အတွက် ရေရှည်မှာ စိုး ရိမ်ရတဲ့ အခြေအနေလို့ ဦးသန်းစိုးနိုင်က ထောက်ပြပါတယ်။

တရုတ်အစိုးရအနေနဲ့ မြန်မာ့ပြည်တွင်းရေးမှာ ဝင်ရောက်စွက်ဖက်မှုကို ဆန့်ကျင်တယ်လို့ တရား ဝင် ကြေညာထားပေမယ့် နောက်ကွယ်မှာတော့ မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ဖိအားပေးတာတွေ တောက်လျှောက်လုပ်လာနေတာပါ။

အဲဒီထဲမှာ ညီနောင်မဟာမိတ်အဖွဲ့ဝင် ကိုးကန့်အဖွဲ့ MNDAA နဲ့ တအာင်းအဖွဲ့ TNLA အပါအဝင် လက်နက်ကိုင်တိုက်ပွဲအတွင်း ကြားနေတဲ့ “ဝ” အဖွဲ့ UWSA အလယ် ကချင်လွတ်လပ်ရေးတပ်မ တော် KIA အထိ ပါဝင်ပါတယ်။

တစ်ဘက်မှာ တိုက်ပွဲမရှိဘဲ ပြည်သူတွေ နေထိုင်တဲ့နေရာတွေမှာ ဗုံးကြဲတိုက်ခိုက်နေတဲ့ စစ်ကောင် စီရဲ့ လုပ်ရပ်ကို တရုတ်အစိုးရအနေနဲ့ ဟန့်တားခြင်း ကန့်ကွက်ရှုတ်ချခြင်းမပြုဘဲ နှုတ်ဆိတ်နေတဲ့အပေါ် မြန်မာပြည်သူတွေက ဝေဖန်ကြတာပါ။

.ပြည်သူတစ်ဦးကတော့ စစ်ကောင်စီ ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အရေးယူနိုင်အောင် လုပ်ဆောင်နေတဲ့အခြေအနေမှာ တရုတ်အစိုးရအနေနဲ့ ပူးပေါင်းပါဝင်ဖို့ အရေးကြီးတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ကျွန်တော်တို့နိုင်ငံက စစ်ကောင်စီကို ရရာနည်းနဲ့ သူတို့ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အရေးယူဆောင်ရွက်နိုင်အောင် ပြည်သူလူထုတွေ အရပ်ဘက်အဖွဲ့အစည်းတွေကတော့ လုပ်ဆောင်နေတဲ့ အခြေအနေဖြစ်ပါတယ်။ ဆိုတော့ တရုတ်နိုင်ငံက အခုအခြေအနေမှာ ပြည်သူ လူထုနဲ့ ရပ်တည်ပြီး စစ်ကောင်စီကို သူတို့ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အမြန်ဆုံးအ‌ရေးယူနိုင်ဖို့ တရုတ်နိုင်ငံ တရုတ်အစိုးရကတော့ ပူးပေါင်းပါဝင်ဖို့ အရမ်းကိုအရေးကြီးပါတယ်ဗျ”လို့ ဆိုပါတယ်။

တရုတ်အစိုးရကတော့ မြန်မာနိုင်ငံမြောက်ပိုင်းနဲ့ ပြည်တွင်းအခြေအနေ ပြန်လည်တည်ငြိမ် အရှိန်လျော့လာရေးကို ဖော်ဆောင်သွားဖို့ မျှော်လင့်တဲ့အတွက် အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်သွားဖို့ဆန္ဒရှိတယ်လို့ ထုတ်ပြောထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.