စင်ကာပူ၊ အောက်တိုဘာ ၂၅

ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဗီယက်နမ်စတဲ့ အရှေ့တောင်အာရှ လေးနိုင်ငံဟာ အနောက်တိုင်းကို တုံ့ပြန်မယ့် စီးပွားရေး အင်အားစု တစ်ခုလို့ ရှုမြင်ခံထားရတဲ့ BRICS အဖွဲ့ရဲ့ မိတ်ဖက်နိုင်ငံတွေ ဖြစ်လာပါတယ်။

BRICS အဖွဲ့ရဲ့ X လူမှုမီဒီယာအကောင့်မှာတော့ အဲဒီနိုင်ငံတွေ အပါအဝင် ၁၃ နိုင်ငံဟာ မိမိတို့ မဟာမိတ်အဖွဲ့ရဲ့ မိတ်ဖက်နိုင်ငံတွေ ဖြစ်လာကြောင်း အောက်တိုဘာ ၂၄ ရက်မှာ ဖော်ပြထားပါတယ်။

မိတ်ဖက်တွေဖြစ်လာတဲ့ တခြား ၉ နိုင်ငံကတော့ အယ်လ်ဂျီးရီးယား၊ ဘယ်လာရုဇ်၊ ဘိုလစ်ဗီးယား၊ ကျူးဗား၊ ကာဇက်စတန်၊ နိုင်ဂျီးရီးယား၊ တူရကီ၊ ယူဂန္ဓာနဲ့ ဥဇဘက်ကစ္စတန်တို့ ဖြစ်ပါတယ်။

၂၀၀၆ ခုနှစ်မှာ ဘရာဇီး၊ ရုရှား၊ အိန္ဒိယတို့က ကနဦး တည်ထောင်ခဲ့တဲ့ အဖွဲ့မှာ အဲဒီမိတ်ဖက်နိုင်ငံတွေဟာ အမြဲတမ်း အဖွဲ့ဝင်တွေ ဖြစ်မလာသေးပါဘူး။

၂၀၁၀ ပြည့်နှစ်မှာတော့ တောင်အာဖရိက ပါဝင်လာခဲ့ပြီး အီဂျစ်၊ အီသီယိုပီးယား၊ အီရန်နဲ့ ယူအေအီးတို့ အခုနှစ်အတွင်း BRICS အဖွဲ့ဝင်တွေ ဖြစ်လာခဲ့ပါတယ်။

ဒီအဖွဲ့ဝင်တွေရဲ့ စီးပွားရေးဟာ ကမ္ဘာ့စီးပွားရေးရဲ့ ၂၈ ရာခိုင်နှုန်း ဒါမှမဟုတ် ကန်ဒေါ်လာ ၂၈ ဒသမ ၅ ထရီလီယံကို ကိုယ်စားပြုနေပါတယ်။

BRICS အဖွဲ့ရဲ့ နှစ်ပတ်လည် ညီလာခံကို ရုရှားနိုင်ငံ ကာဇန်မြို့မှာ အောက်တိုဘာ ၂၂ ရက်ကနေ ၂၄ ရက်အထိ ကျင်းပခဲ့ပါတယ်။

အဲဒီအဖွဲ့မှာ လူဦးရေ ၃ ဒသမ ၂ ဘီလီယံ ရှိတာကြောင့် မိမိတို့ အနေနဲ့ အဖွဲ့ဝင် ဖြစ်လာရင် စီးပွားရေး အခွင့်အလမ်းတွေ အများကြီး ပိုများလာ နိုင်တယ်လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်က ပြောကြားထားပါတယ်။

မလေးရှားက လွတ်လပ်တဲ့ ကြားနေနိုင်ငံအနေနဲ့ BRICS အဖွဲ့ထဲ ဝင်ရောက်လိုကြောင်း ဝန်ကြီး ဟာဆန်က ဆိုပါတယ်။

BRICS အဖွဲ့ဝင်နိုင်ငံ ဖြစ်လာစေရေး လျှောက်ထားပြီး ဖြစ်ကြောင်း မလေးရှား ဝန်ကြီးချုပ် အန်ဝါ အေဗရာဟင်က ပြီးခဲ့တဲ့ ဇူလိုင် ၂၇ ရက်မှာ အတည်ပြုထားပါတယ်။

အနောက်တိုင်းရဲ့ အရေးယူပိတ်ဆို့မှုတွေကြောင့် စီးပွားရေး အခက်ကြုံနေချိန်မှာ ရုရှားက အနောက်တိုင်း ငွေပေးချေမှုစနစ်ကို ကျော်လွှားဖို့ ကမ္ဘာ့ဘဏ္ဍာရေးစနစ် အသစ် တစ်ခု ဖော်ဆောင်ရေး BRICS အဖွဲ့ဝင် နိုင်ငံတွေကို တွန်းအားပေးနေပါတယ်။

Ref:CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.