ခမ်ဂျုံ၊ အောက်တိုဘာ ၂၄

သက်ဆိုင်ရာ တန်ကဟူလ် ကျေးရွာတွေနဲ့ ကြိုတင် တိုင်ပင်မှု မရှိသလို သဘောတူခွင့်ပြုမှု မရှိဘဲနဲ့ ခမ်ဂျုံ ဒေသတစ်လျှောက် အိန္ဒိယ-မြန်မာ နယ်စပ်မှာ အတင်းအကြပ် ခံစည်းရိုးခတ်မယ့် အစီအစဉ်ကို ဆန့်ကျင်ကြောင်း ထပ်မံ အတည်ပြုလိုက်တယ်လို့ နာဂ ကျောင်းသား အဖွဲ့အစည်းတွေရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ခြံစည်းရိုး ခတ်မယ့် အစီအစဉ်နဲ့ ပတ်သက်လို့ ကန့်ကွက်ကြောင်း သက်ဆိုင်ရာ အစိုးရအဖွဲ့ဆီ တခြား ကျောင်းသား အဖွဲ့အစည်းတွေနဲ့ အတူ တင်ပြထားကြောင်း တန်ကဟူလ် တောင်ပိုင်း ကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌက ပြောကြားထားပါတယ်။

ကျောင်းသား အဖွဲ့အစည်းတွေက ခြံစည်းရိုးခတ်မယ့် အစီအစဉ်ကို ရပ်တန့်ရေး တောင်းဆိုထားပြီး အိန္ဒိယအနေနဲ့ မြန်မာနိုင်ငံတို့ကြား နှစ်နိုင်ငံ နယ်စပ် သဘောတူညီမှုကို ပယ်ဖျက်မယ်ဆိုရင်လည်း နိုင်ငံသားကတ်ထုတ်ပေးမှုကို ခေတ်နဲ့ အညီ ဖြစ်စေရေး၊ လူဦးရေ ကော်မရှင် ဖွဲ့စည်းရေးတို့လို လက်တွေ့ ထိရောက်မယ့် အစီအစဉ်တွေ ဆောင်ရွက် သင့်တယ်လို့ ကျောင်းသားတွေက ပြောပါတယ်။

အိန္ဒိယ ဗဟိုအစိုးရဟာ လူ့အစုအဖွဲ့တွေကြား တင်းမာမှု မြင့်တက်စေမယ့် အစီအစဉ် တစ်ရပ်ကို အတင်းအကြပ် ဆက်လက် လုပ်ဆောင်နေတယ်လို့ ကျောင်းသား ခေါင်းဆောင်တွေက စွပ်စွဲထားပါတယ်။

၁၉၆၇ မတ်လ ၁၀ ရက်မှာ အိန္ဒိယနဲ့ မြန်မာကြား နယ်စပ် ကန့်သတ်မှု ဆိုင်ရာ သဘောတူညီမှု စာချုပ် လက်မှတ်ရေး ထိုးခဲ့ပြီး နှစ်နိုင်ငံ နယ်စပ် ပြည်သူတွေဟာ တစ်ဖက် နယ်စပ်ကို ကျော်ပြီး ကီလိုမီတာ အနည်းငယ်အထိ လွတ်လပ်စွာ ဝင်ထွက်ခွင့် ရရှိခဲ့ပါတယ်။

အိန္ဒိယအစိုးရက မြန်မာနယ်စပ် လုံခြုံရေးကို အကြောင်းပြပြီး ဆယ်စုနှစ် များစွာကြာ ရှိခဲ့တဲ့ သဘောတူညီမှုကို ပယ်ဖျက်လိုက်တာ ဖြစ်ပါတယ်။

ဒီအတောအတွင်း မြန်မာနိုင်ငံဘက်က လက်နက်ကိုင် အဖွဲ့ တစ်ဖွဲ့ အိန္ဒိယ နယ်စပ်ထဲ ဝင်ရောက်လာတယ်ဆိုတဲ့ ကောလာဟလ သတင်းတွေကြောင့်လည်း ဒေသခံတွေ အထိတ်တလန့် ဖြစ်ခဲ့ရပါတယ်။

လွတ်လပ်စွာ သွားလာခွင့်ကို ရုတ်သိမ်းပြီး နိုင်ငံတကာ နယ်စပ် တစ်ခုကို အလုံပိတ်ပစ်တာဟာ မြန်မာနိုင်ငံက ဝင်ရောက်လာသူတွေကို တားဆီးရေးအတွက် အမျှော်အမြင်ရှိတဲ့ လုပ်ရပ်မဟုတ်ဘူးလို့ ကျောင်းသားတွေကပြောပါတယ်။

Ref: IFP Bureau

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.