မော်လမြိုင်၊ အောက်တိုဘာ ၂၃

နိုင်ငံတဝန်းမှာ အခုလအတွင်း စစ်ကောင်စီ လက်ချက်ကြောင့် အသက်တစ်နှစ်ခွဲအရွယ် ကလေးငယ်တစ်ဦးအပါအဝင် ကလေးငယ် ၂၀ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံသားအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ထံက သိရပါတယ်။

အောက်တိုဘာ ၁ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက် နက်ကြီးပစ်ခတ်မှုအပါအဝင် သေနတ်နဲ့ပစ်ခတ်မှုတွေကြောင့် အသက် ၁၈ နှစ်အောက် ကလေးငယ်တွေ သေဆုံးခဲ့ရတာပါ။

အဲဒီထဲမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်စုစုပေါင်း ၁၃ ဦးသေဆုံးခဲ့ပြီး လက်နက် ကြီး ပစ်ခတ်တာကြောင့် ကလေးငယ် ၄ ဦးသေဆုံးခဲ့သလို ကျန်တဲ့ ၃ ဦးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဦးခေါင်းကို သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက်နေ့ မနက်ပိုင်းမှာ စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် ဗန္ဓုလရပ်ကွက်ရှိ ကုန်စုံဆိုင်တစ်ဆိုင်ကို ဝင်ရောက်စီးနင်းခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ဆိုင်ပိုင်ရှင် ဦးဖိုးကြား၊ ဇနီးဒေါ်မာသင်းအပြင် သားသမီးတွေဖြစ်တဲ့ မခင်မိုးသဲဦး၊ မောင်ရွှေဖြိုးအောင်၊ တူမတွေဖြစ်တဲ့ မထက်ထက်အောင်နဲ့ မမေပျိုပျိုတို့အား ဦးခေါင်းကို သေနတ်နဲ့ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ AAPP က ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ အချက်အလက်တွေအရ အောက်တိုဘာလ တတိယအပတ်အထိ စစ်ကောင်စီလက်ချက်ကြောင့် စစ်ကိုင်းတိုင်းမှာ ကလေး ၆ ဦးနဲ့ သေဆုံးမှုအများဆုံးဖြစ်ပြီး သေဆုံးသူတွေကို အမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တယ်လို့ ဖော် ပြထားပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၃ ရက်နေ့အထိ စစ်အာဏာ သိမ်းမှုဖြစ်စဉ်အတွင်း စစ်ကောင်စီနဲ့ လက်ပါးစေးတွေရဲ့ လက်ချက်ကြောင့် ပြည်သူစုစုပေါင်း ၅,၈၇၉ ဦး သေဆုံးခဲ့ရတယ်လို့ AAPP ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-TNLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.