မော်လမြိုင် ၊ အောက်တိုဘာ ၂၅
မွန်ပြည်နယ်အတွင်း ဝင်ရောက်လာတဲ့ ထိုင်းကုန်ပစ္စည်းတွေကို တရားမဝင်ကုန်ပစ္စည်းဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီဘက်က လိုက်လံဖမ်းဆီးနေတဲ့အတွက် ကုန်ပစ္စည်းရှားပါးပြတ်လပ်မှုနဲ့ ကြုံလာနိုင်တယ်လို့ စီးပွားရေးပညာရှင်တွေက ပြောပါတယ်။
ဌာနစုံပါဝင်တဲ့ စစ်ကောင်စီပူးပေါင်းအဖွဲ့တွေဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ဒုတိယအပတ်ကစပြီး မွန်ပြည်နယ်အတွင်း ဝင်ရောက်လာတဲ့ ထိုင်းကုန်ပစ္စည်းတွေကို စစ်ဆေးရေးဂိတ်တွေအပြင် သို လှောင်ရုံ ဂိုဒေါင်တွေအထိ လိုက်လံဖမ်းဆီးနေတာပါ။
အဲလိုဖမ်းဆီးရာမှာလည်း သိမ်းဆည်းရမိနေတဲ့ ကုန်ပစ္စည်းတွေအပါအဝင် ပွဲရုံတွေရှိ ကုန်တင်ကားတွေကိုပါ တခါတည်း သိမ်းဆည်းသွားပြီး တရားမဝင် ကုန်ပစ္စည်းတင်သွင်းတာ မပြုလုပ်ကြောင်း ခံဝန်ကတိ လက်မှတ်ထိုးခိုင်းတာတွေ ရှိနေတာပါ။
ထိုင်းကုန်ပစ္စည်းတွေကို စစ်ကောင်စီဘက်က လိုက်လံဖမ်းဆီးနေတဲ့အတွက် ဈေးကွက်အတွင်း ထိုင်းကုန်ပစ္စည်းအများစု တက်ရိပ်ပြလာပြီး ကုန်သည်တွေကလည်း ကုန်ပစ္စည်းတင်သွင်းမှု ယာယီရပ်နားတွေ ရှိလာပါတယ်။
စီးပွားရေးပညာရှင်တစ်ဦးကတော့ ပြည်ပက တင်သွင်းလာတဲ့ ကုန်ပစ္စည်းတွေကို လိုက်လံဖမ်းဆီးမှုဟာ ကုန်ပစ္စည်းရှားပါးပြီး ဈေးနှုန်းထပ်မံမြင့်တက်လာနိုင်သလို စားသုံးသူတွေ ဒုက္ခရောက်အောင် လုပ်ဆောင်လိုက်တာ ဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ပြည်ပကသွင်းလာတဲ့ သွင်းကုန်တွေကို ဖြတ်ချတဲ့နေရာမှာလည်း အခုဈေးကွက်က လက်လီသ မားတွေ လိုက်လိုက်ပြီးတော့ ဖမ်းဆီးနေတဲ့ သဘောရှိတာပေါ့။ အခုလိုလိုက်ပြီးတော့ ဖမ်းဆီးနေတဲ့ သက်ရောက်မှုကတော့ ကုန်ပစ္စည်းတွေရှားမယ်။ ဈေးတွေတက်မှာပေါ့။ ဘာဖြစ်လဲဆိုတော့ နဂိုက တည်းကမှ ဒုက္ခရောက်နေတဲ့ စားသုံးသူကို ပိုပြီးတော့ ဒုက္ခရောက်အောင် လုပ်လိုက်သလို ဖြစ်တာပေါ့”လို့ ဆိုပါတယ်။
တရားမဝင် ဝင်ရောက်လာတဲ့ ကုန်ပစ္စည်းတွေကို နယ်စပ်ဒေသနဲ့ ကုန်သွယ်မှု လမ်းကြောင်းတွေအပြင် ပြည်တွင်းသိုလှောင်ရုံနဲ့ ဈေးကွက်တွေအထိ ဝင်ရောက်စစ်ဆေးအရေးယူသွားဖို့ ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက် နေ့မှာ အာဏာသိမ်းဒုစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ညွှန်ကြားခဲ့တာပါ။
ဒုစစ်ခေါင်းဆောင်က တရားမဝင် ကုန်သွယ်မှုရှိတဲ့အတွက် ပြည်တွင်းထုတ်လုပ်မှု လုပ်ငန်းလုပ် ဆောင်နေတဲ့ လုပ်ငန်းရှင်တွေရဲ့ ကုန်ထုတ်လုပ်မှုနဲ့ ဈေးကွက်ယှဉ်ပြိုင်နိုင်မှုကို ရုတ်လျော့စေတာကြောင့် ပြတ်ပြတ်သားသား တားဆီးကာကွယ်သွားမယ်လို့ ပြောဆိုထားတာပါ။
စီးပွားရေးပညာရှင်တစ်ဦးကတော့ နိုင်ငံတကာမှာ စီးပွားရေးဈေးကွက် ဖွင့်ပေးနေတဲ့အချိန်မှာ စစ်ကောင်စီက အခုလိုဖမ်းဆီးတာဟာ ခေတ်နောက်ပြန်ဆွဲတဲ့သဘောဖြစ်သလို ကုန်ပစ္စည်းတင်သွင်းသူကိုသာဖမ်းပြီး လာဘ်စားသူတွေကို မဖမ်းတဲ့အတွက် ထိရောက်မှုရှိမှာ မဟုတ်ဘူးလို့ ထောက်ပြပါတယ်။
“နိုင်ငံတိုင်းက ကိုယ့်ရဲ့စီးပွားရေးကို ပွင့်အောင်ဖွင့်ပေးနေတဲ့အချိန်မှာ ပြင်ပကမ္ဘာနဲ့ ပိုပြီးတော့ အ ဆက်အစပ်မိအောင် ပိုပြီးတော့ ဂလိုဘယ်လိုက်ဇေးရှင်း ဖြစ်အောင် ဖွင့်ပေးနေတဲ့အချိန်မှာ ကိုယ့်နိုင်ငံက ပြန်ပိတ်နေတယ်ဆိုတော့ တကယ့်ကို ခေတ်နောက်ပြန်ဆွဲနေတဲ့ သဘောဖြစ်နေတာပေါ့။ အဲဒီအကျင့်ပျက်လာဘ်စားမှုကို တိုက်ဖျက်တဲ့ အနေအထားမှမဟုတ်တာ၊ အခုဟာက သွင်းလာတဲ့ သူကိုပဲဖမ်းတာ။ ဒီလာဘ်စားတဲ့သူက ကြားထဲမှာလွတ်နေတုန်းပဲ။ ဒီကိစ္စက ဘာမှထိရောက်မှာ မဟုတ်ဘူး” လို့ ဆိုပါတယ်။
ထိုင်းကုန်ပစ္စည်းတွေကို တရားမဝင်သွင်းကုန်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီဘက်က လိုက် လံဖမ်းဆီးနေတာကြောင့် ဒေသတွင်းမှာ လူသုံးများတဲ့ ကုန်ပစ္စည်းတချို့ ရှားပါးပြီး ပြတ်လပ်မှုတွေ ဖြစ်လာနိုင်သလို မှောင်ခိုဈေးကွက် ပိုမိုကြီးထွားလာနိုင်တယ်လို့ ကုန်သည်တွေက သုံးသပ်ထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်ကောင်စီလက်ထက် ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၄ ခုနှစ် ဩဂုတ်လအထိ တ ရားမဝင် ကုန်သွယ်မှုအမှုတွဲပေါင်း ၁၄,၀၀၀ ကျော် ရှိခဲ့ပြီး ခန့်မှန်းတန်ဖိုး ကျပ် ၃၀၀ ဘီလီယံကျော် ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီရဲ့ အချက်အလက်တွေအရ သိရပါတယ်။
ဖမ်းဆီးရမိတဲ့ကုန်ပစ္စည်းတွေထဲမှာတော့ လိုင်စင်မဲ့မော်တော်ယာဉ်နဲ့ တရားမဝင် ကုန်စည်တင် မော် တော်ယာဉ်တွေက အများဆုံးဖြစ်ပြီး လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်းတွေက ဒုတိယအများဆုံး ဖြစ်ကာ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းတွေက တတိယအများဆုံး ဖြစ်တယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ