ကျိုက်ထို၊ အောက်တိုဘာ၂၅

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့အနီးဝန်းကျင် ကျေးရွာတွေကို တိုက်ပွဲမရှိဘဲ စစ်ကောင် စီတပ်က နေ့ရောညပါ လက်နက်ကြီးနဲ့အဆက်မပြတ် ပစ်ခတ်မှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသ ခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေထံကနေ သိရပါတယ်။

သိမ်ဇရပ်အခြေစိုက် အမှတ် ၃၁၀ အမြောက်တပ်ကနေ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ ရက်နေ့ကစပြီး အောက်တိုဘာ ၂၄ ရက်နေ့အထိ အခိုင်၊ သုံးခွ၊ ဇီးပြောင်း ၄ ၊ ကာမာချောင်၊ ဝင်းကံ၊ မုက္ခမော့ကျေး ရွာတွေဘက်ကို နေ့စဉ်ရက်ဆက် လက်နက်ကြီးပစ်ခတ်မှုတွေ လုပ်ဆောင်နေတာပါ။

လေးရက်အတွင်း စစ်ကောင်စီတပ်ကနေ လက်နက်ကြီး အလုံး ၁၀၀ ကျော် ပစ်ခတ်ထားပြီး အောက်တိုဘာ ၂၂ ရက်နေ့ တစ်ရက်တည်း လက်နက်ကြီး အလုံး ၅၀ ကျော် ပစ်ခတ်ခဲ့တယ်လို့ သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက သံလွင်တိုင်းမ်ကို ပြောပါတယ်။

လက်နက်ကြီး ပစ်ခတ်မှုအတွင်း သုံးခွကျေးရွာလမ်းဆုံအနီး ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ဒေ သခံအမျိူးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဈေးဆိုင်တစ်ဆိုင် ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ရဲ့ နေ့စဉ်ရက်ဆက် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံပြည်သူတချို့ ကျိုက်ထိုနဲ့ သိမ်ဇရပ်မြို့ပေါ်တွေထံ ပြောင်းရွှေ့နေထိုင်တာတွေရှိနေပြီး အများစုက ဗုံးခိုကျင်းထဲ ပုန်းခိုနေထိုင်နေကြတယ်လို့ ဆိုပါတယ်။

တော်လှန်ရေးအင်အားစုတွေ လှုပ်ရှားမှုအားကောင်းတဲ့ ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းကာလအတွင်း နှစ်ဖက်တိုက်ပွဲတွေအပြင် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံပြည်သူတွေ ထိခိုက်သေဆုံးရတာနဲ့ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရတာတွေ ရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KHRG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.