ဝါရှင်တန်၊ အောက်တိုဘာ ၂၄
ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံတွေကြား ကုန်သွယ်ရေးစစ်ပွဲကြီး တစ်ပွဲ ဖြစ်ပွားလာရင် ကမ္ဘာ့စီးပွားရေးဟာ ပြင်သစ်နဲ့ဂျာမနီ ပေါင်းထားတဲ့ စီးပွားရေး အင်အားလောက်အထိ အားလျော့သွားနိုင်တယ်လို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့ IMF က သတိပေးလိုက်ပါတယ်။
ဒေါ်နယ်ထရန့် ထပ်မံ ရွေးကောက်ခံရနိုင်တဲ့ အမေရိကန်သမ္မတ ရွေးကောက်ပွဲမတိုင်ခင် စိုးရိမ်မှုတွေ မြင့်မားနေချိန်မှာ အခုလိုမျိုး သတိပေးချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

အမေရိကန်သို့ တင်ပို့မယ့် ကုန်ပစ္စည်းအားလုံးအပေါ် နိုင်ငံတကာ အခွန်အသစ် တစ်ခု မိတ်ဆက်ဖို့နဲ့ အခွန် ၂၀ ရာခိုင်နှုန်း တိုးမြှင့်ဖို့ စီစဉ်ထားတယ်လို့ ထရန့်က ပြောဆိုထားပြီး ဝါရှင်တန်အနေနဲ့ အခွန်တိုးမြှင့်မယ့် အစီအစဉ်ကို ရှေ့ဆက် ဆောင်ရွက်မယ်ဆိုရင် လက်တုံ့ပြန်တဲ့ အစီအစဉ်တွေ ထွက်ပေါ် လာလိမ့်မယ်လို့ အီးယူက သတိပေးထားပြီး ဖြစ်ပါတယ်။
ထရန့်ရဲ့ ကုန်သွယ်ရေး အစီအစဉ်တွေကို အသေးစိတ် မလေ့လာနိုင်သေးဘူးလို့ IMF လက်ထောက် စီမံညွှန်ကြားရေးမှူး ဂီတာ ဂိုပီနာ့သ်က ပြောကြားပါတယ်။
တကယ်လို့ အခွန်တွေကို သိသိသာသာ တိုးမြှင့်ခဲ့မယ်ဆိုရင် နိုင်ငံ့ အသားတင် ပြည်တွင်းထုတ်ကုန် တန်ဖိုးဟာ ၇ ရာခိုင်နှုန်းလောက်ကို ဆုံးရှုံးရနိုင်တယ်လို့ သူက သတိပေးထားပါတယ်။

ဒီလို ဖြစ်လာရင် ပြင်သစ်နဲ့ဂျာမနီရဲ့ စီးပွားရေးတွေကို ဆုံးရှုံးလိုက်ရတာနဲ့ တူညီလိမ့်မယ်လို့ သူက ဖြည့်စွက် ပြောကြားထားပါတယ်။ စီမံညွှန်ကြားရေးမှူး ဂီတာ ဂိုပီနာ့သ်က ကမ္ဘာလုံးဆိုင်ရာ အစိုးရ ချေးငွေပမာဏ သိသိသာသာ မြင့်တက်လာမှုနဲ့ ပတ်သက်လို့လည်း သတိပေးထားပါတယ်။
လက်ရှိအချိန်မှာ ကုန်သွယ်ရေး အပြန်အလှန် တိုက်ခိုက်တဲ့အနေနဲ့ အမေရိကန်နဲ့ တရုတ်ကြား အရေးယူ ပိတ်ဆို့မှုတွေ အများကြီးရှိနေတယ်လို့လည်း ဂီတာ ဂိုပီနာ့သ်က ပြောဆိုထားပါတယ်။
အကြပ်အတည်းတွေ အများကြီးမှာ ကမ္ဘာ့စီးပွားရေးဟာ အကျ သက်သာခဲ့ပေမယ့် ငွေကြေးဖောင်းပွမှုကို လျှော့ချဖို့ အတိတ်က အိုင်ဒီယာတွေနဲ့ မရနိုင်တော့ဘူးလို့ သူက ဖြည့်စွက် ပြောကြားထားပါတယ်။
Ref:BBC