လောင်းလုံး၊ အောက်တိုဘာ ၂၃

တနင်္သာရီတိုင်း လောင်းလုံးမြို့ နယ် ညှင်းမော်ကျေးရွာ ဘောလုံးကွင်းအနီးတောစပ်မှာ စစ်ကောင်စီစစ်ကြောင်း ဖမ်းဆီးသတ်ဖြတ်သွားတဲ့ လူငယ်နှစ်ဦးရဲ့ရုပ်အလောင်း ပြန်လည်တွေ့ရှိခဲ့တယ်လို့ ဒေ သခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တပ်အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက်နေ့ကစပြီး လောင်းလုံးမြို့နယ်အောက်ပိုင်းက ညှင်းမော်၊ ဂေါ့အင်းနဲ့ အောက်ရေဖြူကျေးရွာအုပ်စုတွေထဲ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့တာပါ။

အဲဒီစစ်ကြောင်းဟာ အောက်တိုဘာ ၁၆ ရက်နေ့မှာ အောက်ရေဖြူကျေးရွာက အသက် ၂၅ နှစ်အရွယ် ကိုမင်းကိုအပါအဝင် နောက်ထပ်လူငယ်တစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

စစ်ကောင်စီတပ် ဖမ်းဆီးသွားတဲ့ လူငယ်နှစ်ဦးရဲ့ ရုပ်အလောင်းကို ညှင်းမော်ကျေးရွာ ဘောလုံးကွင်းအနီးနေ ခြံပိုင်ရှင်တစ်ဦးက တွေ့ရှိခဲ့တာပါ။

ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ လူငယ်နှစ်ဦးရဲ့ ရုပ်အလောင်းကို ပြန်လည်တူးဖော်စဉ် လည်ပင်းလှီးဖြတ်ဒဏ်ရာ၊ မျက်နှာတစ်ခုလုံး ထုထောင်းရိုက်နက်ခံထားရလို့ ကြေမွဒဏ်ရာ၊ ခန္ဓာကိုယ်အနှံ့ အညိုအမဲစွဲဒဏ်ရာရ၊ မျက်နှာပုဝါစည်းပြီး လက်နောက်ပြန်ကြိုးတုပ်ထားတဲ့ အနေအထားနဲ့ ပြန်လည်တွေ့ရှိခဲ့ပါတယ်။

ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရတဲ့ လူငယ်နှစ်ဦးကို ဒေသခံတွေက နေ့တွင်းချင်း သဂြိုလ်ပေးခဲ့ပြီး အဲဒီထဲက ကိုမင်းကိုဟာ အကြမ်းမဖက် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုမှာပါဝင်ခဲ့သူ ဖြစ်တယ်လို့ သိရပါတယ်။

လောင်းလုံးမြို့နယ်မှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးတဲ့ကာလအတွင်း ဒေသခံငါးဦးသေဆုံးခဲ့ပြီး အဲဒီထဲက သုံးဦးဟာ ဖမ်းဆီးခံရပြီးနောက် သတ်ဖြတ်ခံခဲ့ရတာဖြစ်ကာ ကျန်နှစ်ဦးကတော့ လက် နက်ကြီး ထိမှန်သေဆုံးခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ် စစ်ကြောင်းပြန်ထွက်သွားပေမယ့် အောက်ရေဖြူကျေးရွာအုပ်စုရှိ စစ်ရှောင်အများစု နေရပ်မပြန်ရဲကြသေးဘူးလို့ ဒေသခံတွေထံကနေ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.