မော်စကို၊ အောက်တိုဘာ ၂၂

ယူကရိန်းမှာ ငြိမ်းချမ်းရေး ရှာဖွေရေး ကြိုးပမ်းမှုတွေကို ကူညီဖို့ အဆင်သင့် ရှိတယ်လို့ အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) သမ္မတ ရှိတ်ခ် မိုဟာမက် ဘင် ဆော်လမန် အယ်လ်နာရန်းက ရုရှား သမ္မတ ဗလာဒီမာ ပူတင်ကို အောက်တိုဘာ ၂၁ ရက်မှာ ပြောကြားခဲ့ပါတယ်။

မော်စကိုမြို့ အပြင်ဘက်ရှိ နေအိမ်မှာ သမ္မတ ရှိတ်ခ် မိုဟာမက်ကို သမ္မတ ပူတင်က အောက်တိုဘာ ၂၀ ရက်မှာ လက်ခံ တွေ့ဆုံခဲ့ပြီး ညသန်းခေါင်အထိ တရားဝင် မဟုတ်တဲ့ ဆွေးနွေးမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အကျဉ်းသား လဲလှယ်ရေး မိမိတို့ ဆက်လက် ကြိုးပမ်းနေတယ်လို့ သမ္မတ ရှိတ်ခ် မိုဟာမက်က ကရင်မလင် နန်းတော်မှာ ပူတင်ကို စကားပြန်ကတဆင့် ပြောကြားခဲ့ပါတယ်။

မိမိတို့ အနေနဲ့ ယူကရိန်းနဲ့ ရုရှား နှစ်နိုင်ငံစလုံးရဲ့ အကျိုးစီးပွားအတွက် ဆက်လက် ကူညီပေးသွားမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

အရင်က ရုရှားနဲ့ယူကရိန်းကြား စစ်အကျဉ်းသားတွေ လဲလှယ်ရာမှာ ယူအေအီးက ကူညီပေးခဲ့ဖူးပြီး ယူကရိန်း အကျဉ်းသား တချို့ကို သူတို့မြေမှာ နေရာချထား ပေးတာတွေ ရှိပါတယ်။

ယူကရိန်းနဲ့ ပတ်သက်လို့ ကြားဝင် ညှိနှိုင်းပေးမှုအတွက် ယူအေအီးသမ္မတနဲ့ ဆော်ဒီ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆော်လမန်တို့ကို သမ္မတ ပူတင်က အရင်ကလည်း ချီးကျူးခဲ့ဖူးပါတယ်။

ယူကရိန်း စစ်ပွဲ သုံးနှစ်ကျော် ကြာမြင့်လာတဲ့အချိန်မှာ မြောက်ကိုရီးယားက ယူကရိန်းကို တိုက်ခိုက်ရေး တပ်ဖွဲ့ဝင်တွေ စေလွှတ်ထားတယ်လို့ သိရပြီး အခြေအနေ ပိုမို ရှုပ်ထွေးလာနေပါတယ်။

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက စစ်ပွဲ အောင်နိုင်ရေး အစီအစဉ်တရပ်ကို အမေရိကန်နဲ့ တခြား မဟာမိတ်တွေဆီ ချပြထားပါတယ်။

ယူကရိန်းအနေနဲ့ နေတိုးအဖွဲ့ဝင် ဖြစ်မလာရင် နျူကလီးယား လက်နက် ပိုင်ဆိုင်နိုင်ရေး ကြိုးပမ်းသွားမယ်လို့လည်း သူက ပြောဆိုထားပါတယ်။

သမ္မတ ဇီလန်စကီးရဲ့ ပြောဆိုမှုဟာ အရမ်းအန္တရာယ်များတဲ့ ပြောဆိုမှု ဖြစ်တယ်လို့ ကရင်မလင် နန်းတော်က တုံ့ပြန်ထားပါတယ်။

ယူအေအီးနဲ့ ဆော်ဒီအပြင် ယူကရိန်း ပဋိပက္ခ ပြေလည်စေရေး ကြားဝင် ညှိနှိုင်းပေးလိုတဲ့ နိုင်ငံတွေရှိနေပေမယ့် ငြိမ်းချမ်းရေး သဘောတူညီမှု ရရှိဖို့ ခက်ခဲနေပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.