မော်လမြိုင် ၊ အောက်တိုဘာ ၂၃

မွန်ပြည်နယ်မှာ ဒေသတွင်း ထွက်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေအပြင် တခြားတိုင်းနဲ့ ပြည်နယ်တွေက ဟင်းသီးဟင်းရွက်ဝင်ရောက်မှု နည်းပါးလာပြီးနောက် ဈေးနှုန်းအဆမတန် မြင့်တက်လာတယ်လို့ ကုန်စိမ်းရောင်းချသူတွေနဲ့ အိမ်ရှင်မတွေက ပြောပါတယ်။

ဟင်းသီးဟင်းရွက်တွေဟာ ရေကြီးရေလျှံမှုကြောင့် စိုက်ခင်းတွေ ပျက်စီးဆုံးရှုံးရတာ၊ သွင်းအားစု ဈေးနှုန်းကြီးမြင့်မှုကြောင့် ပြန်မစိုက်နိုင်တော့တာ၊ သယ်ယူပို့ဆောင်ရေးစရိတ် ဈေးနှုန်းအဆမတန် မြင့်တက်တဲ့အတွက် ဈေးနှုန်းဆက်တိုက် ထိုးတက်လာခဲ့တာ ဖြစ်ပါတယ်။

အခြေခံစားသောက်ကုန်ဖြစ်တဲ့ ဟင်းသီးဟင်းရွက်ထဲမှာတော့ ခရမ်းသီးတစ်ပိဿာကို ကျပ် ၄၀၀၀ မှ ကျပ် ၆၀၀၀ ၊ ဂေါ်ဖီထုပ် တစ်ပိဿာ ကျပ် ၃၀၀၀ ကနေ ကျပ် ၅၀၀၀ ၊ ချဉ်ပေါင်ရွက်နဲ့ ကန်စွန်းရွက်တစ်စီး ကျပ် ၇၀၀ ဝန်းကျင်အထိ ဈေးနှုန်းမြင့်တက်လာပြီး ကျန်ဟင်းသီးဟင်းရွက်တွေကလည်း အမျိုးအစားအပေါ်မူတည်ပြီး သုံးဆနီးပါး ဈေးနှုန်းခုန်တက်လာခဲ့ပါတယ်။

ကုန်စိမ်းရောင်းချသူ တစ်ဦးကတော့ ဟင်းသီးဟင်းရွက်တွေ ဈေးနှုန်းအဆမတန် မြင့်တက်လာရတာဟာ ရေကြီးရေလျှံမှုကြောင့် စိုက်ခင်းတွေပျက်စီးတာ၊ သီးနှံအထွက်နှုန်း လျော့ကျလာတာ၊ အရင်လို ထိုင်းဘက်က ပစ္စည်းမဝင်တော့တာကြောင့်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“မိုးလေဝသရယ် ဒီဆီခတွေရယ်ပေါ့။ နောက်တော့ ကျွန်တော်တို့ ဂျူတီခတွေက အရမ်းမြင့်တာကိုး။ စိုက်ပျိုးရေးစရိတ်တွေကလည်း မြင့်တယ်။ စိုက်တဲ့သူကနည်းတယ်။ နောက်မိုးကြီးတဲ့ အခါကျတော့မဖြစ်ဘူးပေါ့။ ကျွန်တော်တို့ နယ်တွေမှာလေ သယ်ယူပို့ဆောင် စရိတ်လည်းကြီးတယ်။ ကျွန်တော်တို့ ဘူးသီးတွေ ဘာတွေလည်း အဲဒီဘက်ခြမ်းကလာတယ်၊ ဟင်းသီးဟင်းရွက် ဝယ်လို့ရှိရင် တစ်သောင်းဖိုးက နှစ်သောင်းဖိုး ဖြစ်ကုန်ပီ။ အခုနောက် ယိုးဒယားလိုင်းက အရင်ဝင်တာလည်း မဝင်နိုင်တော့ဘူးလေ။ အဲဒီလိုတွေ ဖြစ်နေတာပေါ့” လို့ ဆိုပါတယ်။

ဒါ့အပြင် ဟင်းသီးဟင်းရွက် ဈေးနှုန်းတွေ အဆမတန် မြင့်တက်လာတာကြောင့် အရင်လိုပုံပြီး မရောင်းချတော့ဘဲ အသေးသုံးဟင်းသီးဟင်းရွက်တွေကို အနည်းဆုံးကျပ် ၅၀၀ ဖိုးနဲ့ တခြား ဟင်းသီး ဟင်းရွက်တွေကိုတော့ အချိန်အတွယ်နဲ့သာ ရောင်းချတော့တယ်လို့ သူက ဆက်ပြောပါတယ်။

အိမ်ရှင်မတစ်ဦးကတော့ ဟင်းသီးဟင်းရွက် ဈေးနှုန်းတွေဟာ အသားငါးဈေးနှုန်းတွေနဲ့ တန်းတူနီးပါးအထိ ရောက်ရှိလာသလို တခြားစားသောက်ကုန်တွေ ဈေးနှုန်းသိပ်မတက်ဘဲ ဟင်းသီးဟင်း ရွက်ဈေးနှုန်းတွေပဲ ထိုးတက်လာတယ်လို့ ပြောပါတယ်။

“ဟင်းသီးဟင်းရွက်နဲ့ ငါးနဲ့ အတူတူဖြစ်နေပြီ။ ဟင်းသီးဟင်းရွက်က ၁၅၀၀ ဖိုး ဝယ်မယ်ဆိုရင် ခ ရမ်းသီးဆို နှစ်လုံးပဲရတယ်။ ရုံးပတီသီးဆိုရင် ၁၀ တောင့် လောက်ပဲ ရတယ်။ သခွားသီးဆို ၅၀၀၀ ဈေး။ တို့စရာဝယ်ရင် ၁၀၀၀ ဖိုးလောက်ဝယ်မှ အကုန်တက်တယ်။ သူတို့က အလုံးရေနဲ့ ရောင်းတာမှ မဟုတ်တာ။ အချိန်နဲ့ ရောင်းတယ်ဆိုတော့ အချိန်စီးတာပေါ့။ အခုက ဟင်းသီးဟင်းရွက်က ဈေးကိုထိုးတက်နေတာ” လို့ ဆိုပါတယ်။

ဟင်းသီးဟင်းရွက်တွေဟာ အခြေခံစားသောက်ကုန် ဖြစ်တာကြောင့် အခုလိုဈေးနှုန်းအဆမတန် မြင့်တက်လာတဲ့အတွက် အရင်လိုဟင်းသီးဟင်းရွက် စားသောက်နိုင်ဖို့တောင် အခက်အခဲရှိလာကာ ချွေတာစားသောက်နေရပေမယ့် လောက်ငှမှုမရှိတော့ဘူးလို့ သူက ဆက်ပြောပါတယ်။

အရင်က ဒေသတွင်းမှာ တခြားတိုင်းနဲ့ ပြည်နယ်တွေက အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေ ဝင်ရောက်မှုမရှိရင် အနီးစပ်ဆုံး ထိုင်းနိုင်ငံကထွက်ရှိတဲ့ အသီးအနှံတွေနဲ့ အစားထိုးရောင်းချခဲ့ရာမှ လက်ရှိမှာ စစ်ကောင်စီက ဖမ်းဆီးမှုတွေရှိတဲ့အတွက် တင်သွင်းရောင်းချနိုင်ခြင်း မရှိတော့ဘူးလို့ ကုန်စိမ်းရောင်းချသူတွေက ပြောကြပါတယ်။

မွန်ပြည်နယ်မှာတော့ ဟင်းသီးဟင်းရွက်တွေကို ဒေသတွင်းမှာ အနည်းငယ်သာစိုက်ပျိုးကြပြီး အဓိ ကအားဖြင့် ရှမ်းပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ရန်ကုန်တိုင်းအပါအဝင် တခြားဒေသက ထွက်ရှိတဲ့ ဟင်းသီးဟင်းရွက် အမျိုးအစားပေါ် မူတည်ကာ မှာယူတင်သွင်းရောင်းချနေရတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Getty Image

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.