မကွေး အောက်တိုဘာ ၂၂

မကွေးတိုင်း မင်းတုန်းမြို့နယ်မှာ သန်းခေါင်စာရင်းကောက်ယူဖို့ လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်မှုမှာ တပ်ဖွဲ့ဝင် ၈ ဦး ထက်မနည်း သေဆုံးတယ်လို့ သရက်ခရိုင်တပ်ရင်း ၄ မှ တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အောက်တိုဘာ ၂၁ ရက်မှာ အင်အား ၂၅ ဦးပါ ခြေလျင်စစ်ကြောင်းကို သရက်-မင်းတုန်းလမ်းပိုင်းပေါ်က သဖန်းကိုင်းကျေးရွာအနီးမှာ တိုက်ခိုက်ခဲ့တာပါ။

“ရေပြာတို့၊ တောင်ဘက်တို့၊ သဖန်းကိုင်းတို့ဘက်ကို နောက်တ​​နေ့ သန်းခေါင်စာရင်းကောက်ဖို့ နယ်မြေရှင်းလင်းရေး ဝင်လာတာပါ။ အဲဒီအချိန်မှာပဲ ကျွန်တော်တို့မိုင်းကွင်းထဲ ဝင်လာတဲ့အတွက် မိုင်းဆွဲလိုက်တာပါ” လို့ သရက်ခရိုင်တပ်ရင်း ၄ မှ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ပြောပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ ​မင်းတုန်းမြို့နယ် ငါးမိုင်လမ်းဘက်ကနေ ဖောကားအဖြူနဲ့ ထွက်လာခဲ့ပြီး ကျောက်ကြီးကျေးရွာမှာ သန်းခေါင်စာရင်းကောက်အပြီး ပြန်အလာမှာ သဖန်းကိုင်းဘက်ကို နယ်မြေရှင်းလင်းရေးလုပ်ဖို့ထွက်လာတာလို့ သိရပါတယ်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၈ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်းရှိကာ ကပစ ၁၂ ဘက်ကို သယ်ဆောင်သွားတယ်လို့ သိရပါတယ်။

စစ်ကောင်စီက သန်းခေါင်စာရင်းကောက်ယူမယ်လို့ ကြေညာပြီးနောက် ပထမဦးဆုံး တိုက်ခိုက်မှု ဖြစ်စဉ်ဖြစ်တယ်လို့လည်း သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ပြောပါတယ်။

သရက်၊ ကံမနဲ့ မင်းတုန်းမြို့နယ်တွေရဲ့ မြို့ပေါ်ရပ်ကွက်နဲ့ မြို့အနီးနားနေရာတွေမှာသာ စစ်ကောင်စီက သန်းခေါင်စာရင်းကောက်ယူနိုင်သေးပြီး ကျန်ရှိတဲ့ကျေးရွာတွေကို ကောက်ယူနိုင်ဖို့ကြိုးစားနေတာဖြစ်တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်က အနီးနားက ပြည်သူတွေကို စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့ပေမဲ့ ဖမ်းဆီးတာနဲ့ စစ်ကြောင်းထိုးတာတွေ မလုပ်ဆောင်သေးဘူးလို့ သိရပါတယ်။

စစ်ကောင်စီက သန်းခေါင်စာရင်းကောက်ယူဖို့ အောက်တိုဘာ ၁ ရက်ကနေ ၁၅ ရက်ထိသတ်မှတ်ထားပေမယ့် နယ်မြေတော်တော်များများမှာ မကောက်ယူနိုင်သေးတဲ့အတွက် အောက်တိုဘာလကုန်အထိ သန်းခေါင်စာရင်းကောက်ယူမယ်လို့ ကြေညာထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – သရက်ခရိုင်တပ်ရင်း ၄

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.