ပြည်ပကပြန်လာသူတချို့ကို ရန်ကုန်လေဆိပ်မှာ ဖမ်းဆီးတာမရှိဘူးလို့ စစ်တပ်သတင်းမှားဖြန့်

အမှန်/အမှား

++++++++

မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

ဒီကနေ့မှာတော့“စစ်ကောင်စီက ပြည်ပမှပြန်လာသော သင်္ဘောသားတချို့အပါအဝင် ပြည်သူ့တချို့ကို ရန်ကုန်လေဆိပ်မှာ ဖမ်းဆီးထားပြီး ဒီသတင်းကို သတင်းအမှားပါ” ဆိုကာ စစ်ကောင်စီဘက်က လုပ်ကြံသတင်းမှားဖြန့်ချိနေတာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းကို စစ်ကောင်စီထိန်းချုပ်ထားတဲ့ ကြေးမုံသတင်းစာ၊ မြန်မာ့အလင်းသ တင်းစာ၊ MOI အပါအဝင် တပ်လော်ဘီတွေရဲ့ လူမှုကွန်ရက်နဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ အောက်တိုဘာ ၁၅ ရက်နေ့က ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေနေတာပါ။

ဖြစ်စဉ်မှာတော့ ပြည်ပမှပြန်လာတဲ့ သင်္ဘောသားတချို့အပါအဝင် ပြည်သူတချို့ကို ရန်ကုန်လေဆိပ်မှာ ဖမ်းဆီးပြီး လေဆိပ်ထဲမှာပင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ စရဖတွေက တစ်ယောက်ကို ငွေကျပ် သိန်း ၇၀ တောင်းခံတာတွေ ရှိနေတယ်လို့ လူထုနွေဦးသတင်းဌာနက ဖော်ပြထားပါတယ်။

ကုမ္ပဏီနဲ့စာချုပ်ပြည့်ပြီး ပြန်လာတဲ့ သင်္ဘောသားတချို့ကို ပြီးခဲ့တဲ့ လေးရက်လောက်က လေဆိပ်ထဲမှာ စစ်ဆေးဖို့ဆိုပြီး ခေါ်ဆောင်သွားကာ အခုထိမိသားစုနဲ့ရော အေဂျင်စီနဲ့ပါ အဆက်အသွယ် ပြတ်တောက်နေတယ်လို့ မြန်မာသင်္ဘောသားအေဂျင်စီတစ်ခုရဲ့ တာဝန်ရှိသူက ပြောပြတာကို လူထုနွေဦးသတင်းဌာနက ဖော်ပြထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရန်ကုန်လေဆိပ်မှာ အလည်အပတ် နိုင်ငံကူးလက်မှတ် (Passport for Visit ) ကိုင်ဆောင်ထားတဲ့ လူငယ်တွေကိုလည်း အကြောင်းပြချက် ခိုင်ခိုင်မာမာမပေးဘဲ လေဆိပ်မှပြန်လွှတ်နေကြောင်း ကိုယ်တိုင်ကြုံခဲ့ရတဲ့ လူငယ်တွေက Mizzima သတင်းဌာနကို ထုတ်ဖော်ပြောကြားထားပါတယ်။

လူထုနွေဦးသတင်းဌာနက ဖော်ပြထားတဲ့ လင့်

https://www.facebook.com/story.php?story_fbid=875183371347123&id=100065664033865&rdid=xw3tq0k8oCuTvh9I

Mizzima သတင်းဌာနက ဖော်ပြထားတဲ့ လင့်

https://www.facebook.com/story.php?story_fbid=880298237577769&id=100067928020493&rdid=d0TnSfYsJVgzQ9ot

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.