နယူးဒေလီ ဘေဂျင်း၊ အောက်တိုဘာ ၂၂

မကြာသေးခင် နှစ်တွေက အနီးကပ် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့ ဟိမဝန္တာ နယ်စပ်မှာ အငြင်းပွားမှု လျှော့ချဖို့ ကင်းလှည့် စောင့်ကြပ်မယ့် အစီအစဉ်ကို အိန္ဒိယနဲ့ တရုတ်တို့ သဘောတူညီမှု ရရှိပြီ ဖြစ်ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဗီခရန် မီဆရီက ပြောကြားလိုက်ပါတယ်။

၂၀၂၀ ပြည့်နှစ်ကတည်းက ထွက်ပေါ်လာခဲ့တဲ့ နယ်စပ်ပြဿနာတွေကို ဖြေရှင်းရေး အချင်းချင်း ထိတွေ့မှု မဖြစ်စေဖို့ အောက်တိုဘာ ၂၁ ရက်မှာ နှစ်နိုင်ငံ သဘောတူခဲ့ကြတယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဗီခရန် က ပြောဆိုခဲ့ပါတယ်။

သူက ဂေါ်ဝန်တောင်ကြားမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကို ညွှန်းဆိုတာ ဖြစ်ပါတယ်။ အဲဒီ တောင်ကြားမှာ ၁၉၇၅ ခုနှစ်ကတည်းက ပထမဆုံး နှစ်ဘက် ထိပ်တိုက်တွေ့မှုတွေ ဖြစ်ပွားခဲ့ပြီး နှစ်ဘက်စလုံး ထိခိုက် သေဆုံးမှုတွေအထိ ရှိခဲ့ပါတယ်။

အဲဒီကတည်းက အိမ်နီးချင်း နှစ်နိုင်ငံကြား ဆက်ဆံရေး အဆင်မပြေ ဖြစ်နေခဲ့တာပါ။

နှစ်နိုင်ငံကြား တင်းမာမှု လျှောချရေး သဘောတူညီမှု ရရှိပြီလို့ သူက ပြောပေမယ့် အငြင်းပွားနေတဲ့ နယ်စပ်တလျှောက်က ပဋိပက္ခ ဖြစ်ပွားရာ နေရာ အားလုံး ပါဝင်မှုရှိ မရှိနဲ့ ထိပ်တိုက် မတွေ့စေရေး အစီအစဉ် အသေးစိတ်ကိုတော့ ထုတ်ဖော်ပြောဆိုထားတာ မရှိပါဘူး။

BRICS အဖွဲ့ ညီလာခံ တက်ရောက်ဖို့ အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာ မိုဒီ ရုရှားသို့ မသွားခင် တစ်ရက် အလိုမှာ နိုင်ငံခြားရေးဝန်ကြီး ဗီခရန် မီဆရီရဲ့ အခုလို ကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
BRICS အဖွဲ့မှာ ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နဲ့ တောင်အာဖရိကတို့ ပါဝင်ပါတယ်။

အခုလို နယ်စပ် ပြဿနာနဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ် မိုဒီနဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင်ကြား နှစ်ဖက် ဆွေးနွေးမှု ပြုလုပ်သွားမှာလား ဆိုတာကိုတော့ ဝန်ကြီး မီဆရီက အတည်ပြု ပြောကြားထားတာ မရှိပါဘူး။

ဂေါ်ဝန်တောင်ကြားမှာ ပဋိပက္ခ ဖြစ်ပြီး နောက်ပိုင်း အောက်တိုဘာ ၂၁ ရက်မှာ ရရှိတဲ့ သဘောတူညီမှုဟာ နျူကလီးယား လက်နက် ပိုင်ဆိုင်ထားတဲ့ အိမ်နီးချင်း နှစ်နိုင်ငံကြား အထင်ကရ သဘောတူညီမှု ဖြစ်တယ်လို့ သူက ဖြည့်စွက် ပြောကြားထားပါတယ်။

နှစ်နိုင်ငံကြား နယ်စပ်မှာ သေနတ်တွေ၊ ဖောက်ခွဲရေး ပစ္စည်းတွေ အသုံးမပြုဖို့ ၁၉၉၆ ခုနှစ်မှာ သဘောတူညီမှု ရရှိထားတာကြောင့် ဂေါ်ဝန် တောင်ကြားမှာ နှစ်ဘက် တပ်ဖွဲ့ဝင်တွေကြား တုတ်တွေ၊သံလက်သီးတွေနဲ့ တိုက်ခိုက်မှုတွေ အကြိမ်ကြိမ် ဖြစ်ပွားခဲ့ပါတယ်။

အခု သဘောတူညီမှုမတိုင်ခင် နှစ်နိုင်ငံကြား သံတမန်တွေ၊ စစ်တပ်ခေါင်းဆောင်တွေကြား ဆွေးနွေးမှု အကြိမ်ကြိမ် ပြုလုပ်ခဲ့ပေမယ့် ထိရောက်မယ့် သဘောတူညီချက် တစ်ခုမှ မရရှိခဲ့ပါဘူး။

နယ်စပ် ပဋိပက္ခတွေကြောင့် အိန္ဒိယ-တရုတ် ဆက်ဆံရေး အဖုအထစ်တွေ ရှိနေတာ ကြာပြီ ဖြစ်ပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.