အမှန်/အမှား

+++++++++++

မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

ဒီကနေ့မှာတော့“ငါန်းဇွန်မြို့နယ်ရှိ စစ်ရှောင်တွေနဲ့ဒေသခံတွေကို စစ်ကောင်စီတပ်နဲ့ပျူစောထီးအဖွဲ့တွေက စစ်မှုထမ်းဖို့ ပေါ်တာဆွဲဖမ်းဆီးတာမရှိဘူး” ဆိုပြီး စစ်ကောင်စီဘက်က လုပ်ကြံဝါဒဖြန့်ချီနေတာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းကို စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ကြေးမုံသတင်းစာ၊ MOI အပါအ ဝင် တပ်လော်ဘီတွေရဲ့ လူမှုကွန်ရက်နဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ အောက်တိုဘာ ၁၂ ရက်နေ့က ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေနေတာပါ။

ဖြစ်စဉ်မှာတော့ မန္တလေးတိုင်း မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် ကျေးရွာတွေက အသက် ၅၀ အောက် ဒေသခံ ၁၀၀ ကျော်ကို စစ်အုပ်စုက ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ပေါ်တာဆွဲဖမ်းဆီးပြီး စစ်သင်တန်းပေးကာ ရှေ့တန်းပို့နေတယ်လို့ ဒေသခံတွေက လွတ်လပ်သော သတင်းဌာနတွေကို ပြောထားပါတယ်။

ငါန်းဇွန်မြို့နယ် ညောင်လေးပင်ရွာ၊ ရွာဦးဘုန်းကြီးကျောင်းမှာ စစ်ရှောင်နေတဲ့ အရပ်သားတွေကို အောက်တိုဘာ ၈ ရက်နေ့ မနက် ၅ နာရီအချိန်ခန့်မှာ ဖမ်းဆီးသွားတာ ဖြစ်ပြီး ဖမ်းဆီးခေါ်ဆောင်ရာမှာ ဦးဆောင်တဲ့ ပျူစောထီးအဖွဲ့တွေဟာ ခေါင်းကတောကျေးရွာမှ ပျူစောထီးငမိုး၊ တောင်ရွာဘိုကျေးရွာမှ ညွှန့်လွင်နဲ့ မင်းထွေးတို့ဖြစ်တယ်လို့ ငါန်းဇွန်ဒေသခံတွေ ပြောထားတာကို Mizzimaသတင်းဌာနက ဖော်ပြထားပါတယ်။

ဒေသတွင်းသတင်းဌာန MFP သတင်းဌာနမှာတော့ ငါန်းဇွန်မြို့နယ်ထဲမှာ စစ်အုပ်စုအထိုင်စခန်းတွေဖြစ်တဲ့ ငါန်းဇွန်မြို့ပေါ် ရဲစခန်း၊ မြို့သာနယ်မြေရဲစခန်း၊ မင်းနေကုန်းနယ်မြေရဲစခန်း၊ ငါန်းမြာကြီး နယ်မြေရဲစခန်းတွေအပြင် ပျူစောထီး အထိုင်စခန်းတွေလည်း ရှိနေတာဖြစ်ပြီး စစ်အုပ်စုဟာ ငါန်းဇွန်မြို့နယ်ထဲက ကျေးရွာတွေကို ဝင်ရောက်စီးနင်းပြီး အမျိုးသားတွေကို ပေါ်တာဆွဲဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

MFP သတင်းဌာနက ဖော်ပြထားတဲ့ လင့်

https://www.facebook.com/story.php?story_fbid=586596190366172&id=100070473873342&rdid=ZaTYLGsdjH1NEUcq

Mizzima သတင်းဌာနက ဖော်ပြထားတဲ့ လင့်

https://www.facebook.com/story.php?story_fbid=876434024630857&id=100067928020493&rdid=8KX0DDga3SkRCTCF

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှားဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.