အမှန်/အမှား

+++++++++++

မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

ဒီကနေ့မှာတော့“မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်ရတာဟာ NUG /PDF/NLD ကြောင့် ဖြစ်တယ်”ဆိုပြီး စစ်တပ်လော်ဘီချန်နယ်တွေမှာ လုပ်ကြံဝါဒဖြန့်ချီနေတာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းကို စစ်ကောင်စီထောက်ခံအားပေး ဟန်ငြိမ်းဦးအပါအဝင် စစ်တပ်လော်ဘီတွေရဲ့ လူမှုကွန်ရက်နဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ အောက်တိုဘာ ၁၂ ရက်နေ့က ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေနေတာပါ။

ဖြစ်စဉ်မှာတော့ NLD အစိုးရလက်ထက် မန္တလေးတိုင်း ဝန်ကြီးချုပ်ဒေါက်တာ ဇော်မြင့်မောင်ဟာ သွေးကင်ဆာရောဂါ ခံစားနေရသူဖြစ်ပြီး စစ်ကောင်စီရဲ့ ဖမ်းဆီးထောင်ချခံရပြီးနောက် အိုးဘိုထောင်အတွင်းရှိ ပြစ်ဒဏ်တိုက်လို့ခေါ်တဲ့ တိုက်အမှတ် ၆ မှာ ၂ နှစ်နီးပါးကြာ ချုပ်နှောင်ခံခဲ့ရတယ်လို့ လွတ်လပ်သော သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

ဝန်ကြီးချုပ်ဒေါက်တာ ဇော်မြင့်မောင်ဟာ မန္တလေးအိုးဘိုထောင်အတွင်း ဆေးကုသမှု ခံယူနေရာမှ ဇွန် ၂၅ ရက်နေ့မှသာ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ ပြောင်းရွှေ့ကုသခဲ့ရတာ ဖြစ်ပါတယ်။

ဒီဖြစ်စဉ်မှာ အကျဉ်းသားတွေ ကျန်းမာရေးအရေးပေါ် အခြေအနေမျိုးဖြစ်မှသာ အပြင်ကိုပြောင်းပြီး ကုသခွင့်ပေးတာကြောင့် ဒေါက်တာဇော်မြင့်မောင်ဟာ ထောင်အပြင်မှာ ဆေးကုသခွင့်ရတဲ့အချိန်မှာ ကျန်းမာရေးအခြေအနေ တိုးတက်မှုမရှိဘူးလို့ မိသားစုနဲ့နီးစပ်သူတစ်ဦးက The Irrawa ddy Burmeseသတင်းဌာနကို ပြောထားပါတယ်။

ဒါအပြင် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ရဲ့ နာရေးက ပြန်လာတဲ့ ပြည်သူတွေကိုလည်း ရန်ကုန်-မန္တလေးလမ်း၊ ၇၈လမ်း၊ စက်မှု ၂၊ Max-ဆီဆိုင်ရှေ့မှာ စစ်တပ်လက်အောက်ပြည်သူ့စစ် (ပျူစောထီး) အင်အား ၅၀ လောက်နဲ့ ပြည်သူတွေရဲ့ ဖုန်းနဲ့ ဆိုင်ကယ်လိုင်စင်တွေကို ဖမ်းဆီးစစ်ဆေးတာတွေ လုပ်ခဲ့တယ်လို့ မြို့ခံတွေက မြေလတ်အသံ သတင်းဌာနကို ပြောထားပါတယ်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ကောင်စီအဖွဲ့က ဒေါက်တာဇော်မြင့်မောင်အပေါ် ပုဂ္ဂိုလ်ရေး အငြိုးအာဃာတကြီးမားစွာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုမပေး၊ အချိန်မီ ဆေးဝါးမကုသပေးခဲ့တာကြောင့် ၂၀၂၄ အောက်တိုဘာ ၇ ရက်နေ့ နံနက် ၃ နာရီမှာ ကွယ်လွန်ခဲ့ရတာဖြစ်တယ်လို့ လွတ်လပ်သောသတင်းဌာန DVB မှာ ဖော်ပြထားပါတယ်။

DVB သတင်းဌာနကဖော်ပြထားတဲ့ လင့်

https://www.facebook.com/share/p/2QwF1esWkSUiddtz

The Irrawaddy Burmeseသတင်းဌာနက ဖော်ပြထားတဲ့ လင့်

https://www.facebook.com/story.php?story_fbid=893232812849907&id=100064895881172&rdid=awdh7BjRPjEGLiU5

မြေလတ်အသံ သတင်းဌာနကဖော်ပြထားတဲ့ လင့်

https://www.facebook.com/story.php?story_fbid=1001187212047543&id=100064688198788&rdid=EowayhEtELOmWXp6

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.