“အမှတ် ၂၇ စစ်ဗျူဟာကလည်း ရှေ့ဆက်ပြီးတော့ စစ်ရေးဖော်ဆောင်ရင်းနဲ့ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေကို ဆောင်ရွက်ပြီး တိုင်းပြည်နဲ့ပြည်သူအားလုံးကို ကာကွယ်စောင့်ရှောက်သွားမှာပါ” – တာဝန်ခံ ရဲဘော် ကိုအေးမင်းထွန်း

စစ်အာဏာရှင်စနစ် ကျဆုံးရေး၊ တရားဥပဒေ စိုးမိုးရေး၊ ပြည်သူများ အေးချမ်းစွာ နေထိုင်နိုင်ရေးတို့အတွက် ဖွဲ့စည်းထားရှိတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်က စစ်ဒေသခွဲ အမှတ် ၂ ရှိ အမှတ် ၂၇ စစ်ဗျူဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ တရားဝင် Facebook စာမျက်နှာ၊ Youtube ချန်နယ်နဲ့ ဝက်ဘ်ဆိုက်တွေကို မကြာသေးခင်က လွှင့်တင် ဆောင်ရွက်လာခဲ့ပါတယ်။

အဲဒီ အမှတ် ၂၇ စစ်ဗျူဟာ ဖွဲ့စည်းထူထောင်ရတဲ့ ရည်ရွယ်ချက်၊ ခြေစိုက်လှုပ်ရှားမယ့်ဒေသတွေ၊ လုပ်ဆောင်သွားမယ့် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေအကြောင်း၊ အမိန့်မူဝါဒ စီးဆင်းလုပ်ဆောင်မှုတွေနဲ့ ဒေသတွင်းက ERO အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုအကြောင်းအရာတွေကို သိရှိနိုင်ဖို့ စစ်ဗျူဟာ တာဝန်ခံ ရဲဘော် ကိုအေးမင်းထွန်းနဲ့ အခုလိုပဲ သံလွင်တိုင်းမ်က မေးမြန်းထားပါတယ်။

မေး – မကြာခင်က ဖွင့်လှစ်လိုက်တဲ့ အမှတ် ၂၇ စစ်ဗျူဟာနဲ့ပတ်သက်ပြီး အရင်ဆုံး ဖွဲ့စည်းတည်‌ထောင်ရတဲ့ ရည်ရွယ်ချက်ကို သိပါရစေ။

ဖြေ – အမှတ် ၂၇ စစ်ဗျူဟာကို မြေပြင်မှာ တည်ထောင်တာက တပ်ရင်းတွေကို ကျစ်လစ်စွာနဲ့ စစ်ဆင်ရေးကို စနစ်တကျ အရှိန်အဟုန်နဲ့ ဆောင်ရွက်နိုင်ရန် ဖြစ်ပါတယ်။ 

အွန်လိုင်းမှာ ပေချ်ဖွင့်ထားတာက အမှတ် ၂၇ စစ်ဗျူဟာက မြေပြင်မှာ ဘယ်လိုဆောင်ရွက်နေလဲဆိုတာ အဝေးမှာရှိတဲ့ ပြည်သူတွေ တခြားနိုင်ငံမှာရှိတဲ့ ပြည်သူတွေ အားလုံးမြင်တွေ့ နိုင်ဖို့နဲ့ အကြံပြုချက်တွေ ရရှိနိုင်ဖို့ ဖြစ်ပါတယ်။ 

ကျွန်တော်တို့က ပြည်သူ့အားနဲ့ သွားနေတာ ဖြစ်တဲ့အတွက် ပြည်သူတွေရဲ့ ရင်ဘတ်ထဲက စကားတွေကိုလည်း ပွင့်လင်းစွာ ကြားချင်လို့ ဖွင့်ထားရတာဖြစ်ပါတယ်။

မေး – အမှတ် ၂၇ စစ်ဗျူဟာရဲ့အောက်မှာ တပ်ရင်း ဘယ်နှရင်းရှိပြီး ဘယ်ဒေသတွေမှာ အခြေစိုက်လှုပ်ရှားပါသလဲ။ (မွန်နဲ့ပဲခူးဆိုရင် ဘယ်ဒေသတွေ မြို့နယ်တွေ ပါဝင်ပါသလဲ)။

ဖြေ – စစ်ဗျူဟာရဲ့အောက်မှာ တပ်ရင်းလေးရင်းနဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်။ စစ်ရေးလှုပ်ရှားမှုနယ်မြေတွေကိုတော့ မွန်ပြည်နယ်၊ကရင်ပြည်နယ်၊ ပဲခူးတိုင်းတွေမှာ အခြေပြုလှုပ်ရှားတာပေါ့။ စစ်ရေးအရဒေသတွေကိုတော့ မပြောနိုင်တာကိုတော့ နားလည်ပေးစေချင်ပါတယ် ခင်ဗျ။

မေး – ဒီစစ်ဗျူဟာက ပြည်သူလူထုနဲ့သက်ဆိုင်တဲ့ ဝန်ဆောင်မှုတွေရော ဘယ်လိုမျိုး လုပ်ဆောင်ဖို့ရှိ‌နေမလဲ။ (ဥပမာ – အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး စသဖြင့်)

ဖြေ – အမှတ် ၂၇ စစ်ဗျူဟာရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ စစ်လည်းတိုက်မယ်။ ပြည်သူ့အကျိုးပြုလည်း ဆောင်ရွက်မယ်ဆိုတဲ့အတိုင်း ဒေသအတွင်း တရားဥပဒေစိုးမိုးရေး၊ ကျန်းမာရေး၊ ပညာရေးနဲ့ လူမှုဘဝဖူလုံစေဖို့အတွက် အဓိကထားဆောင်ရွက်တာ ဖြစ်ပါတယ်။ 

အမှတ် ၂၇ စစ်ဗျူဟာကလည်း ရှေ့ဆက်ပြီးတော့ စစ်ရေးဖော်ဆောင်ရင်းနဲ့ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေကို ဆောင်ရွက်ပြီး တိုင်းပြည်နဲ့ပြည်သူအားလုံးကို ကာကွယ်စောင့်ရှောက်သွားမှာပါ ခင်ဗျ။

မေး – NUG ရဲ့ ကာကွယ်ရေးဌာနအောက်က ဒီစစ်ဗျုဟာကို ဖွင့်လှစ်ထားတယ်ဆိုတော့ မူဝါဒတွေ အမိန့်ပေးစီးဆင်းမှုတွေမှာ ဘယ်လိုမူဝါဒတွေ ချမှတ်ထားတာ ရှိမလဲ။

ဖြေ – အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနရဲ့မူဝါဒဖြစ်တဲ့ ဖက်ဒရယ်ပြည်ထောင်စု လုံခြုံရေးစနစ်တည်ဆောက်ရေး၊ ဖက်ဒရယ်ပြည်ထောင်စုကို ကာကွယ်စောင့်ရှောက်ရေးနဲ့ လူမျိုးပေါင်းစုံ ပြည်သူလူထုအား ကာကွယ်စောင့်ရှောက်ရေးဆိုတဲ့ မူဝါဒတွေက ကျွန်တော်တို့ အမှတ် ၂၇ စစ်ဗျူဟာရဲ့ မူဝါဒပဲ ဖြစ်ပါတယ်။

အမိန့်စီးဆင်းမှုကတော့ ကျွန်တော်တို့ဝန်ကြီးဌာနမှ သက်ဆိုင်ရာစစ်ဒေသအလိုက် ပေးပို့ပြီး စစ်ဒေသမှူးများမှ တစ်ဆင့် ကျွန်တော်တို့ စစ်ဗျူဟာအသီးသီးကို ဆက်လက်ညွန်ကြားတာဖြစ်ပါတယ်။

မေး – စစ်ရေးနဲ့ပတ်သက်ပြီး အမှတ် ၂၇ စစ်ဗျူဟာအနေနဲ့ ဘယ်လိုပုံစံနဲ့ လှုပ်ရှားဖို့ ရှိနေမလဲ။ အခြားနီးစပ်တဲ့ EAO တွေ တော်လှန်ရေးအဖွဲ့တွေနဲ့ရော ပူးတွဲပြီး တိုက်ပွဲဖော်ဆောင်တာတွေအထိ ရှိနိုင်မလား။

ဖြေ – ကျွန်တော်တို့ အမှတ် ၂၇ စစ်ဗျူဟာအနေနဲ့ စစ်ရေးဖော်ဆောင်မှုတွေကို တခြားစီစဉ်ဆောင်ရွက်တာ ရှိတာတွေကို လက်ရှိမှာတော့ ကျွန်တော်တို့တွေက ERO တွေဉီးဆောင်မှုနဲ့အတူ စစ်ရေးဖော်ဆောင်နေကြတာပေါ့။ 

ကျွန်တော်တို့ဆို KNU၊ KNLA နယ်မြေမှာ စစ်ရေးလှုပ်ရှားနေတာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ KNU၊ KNLA ရဲ့ ဉီးဆောင်မှုနဲ့ သွားပြီးတော့ ရှေ့ဆက် တော်လှန်ရေးပြီးဆုံးသည်အထိကို လက်တွဲမဖြုတ်ဘဲ ချစ်ချစ်ခင်ခင် လေးလေးနက်နက်နဲ့ ဆောင်ရွက်သွားကြမှာ ဖြစ်ပါတယ်။

မေး – နောက်ဆုံးအနေနဲ့ အခုလို စစ်ဗျူဟာတစ်ခုဖွင့်လှစ်လိုက်တဲ့အတွက် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးတိုက်ပွဲမှာ ဘယ်လိုမျိုး အထောက်အကူ ဖြစ်စေနိုင်မလဲ။ ဘယ်လိုစိန်ခေါ်မှုတွေရော ရှိနိုင်မလဲ။

ဖြေ – အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အောက်မှာ NUG၊ MOD ရဲ့အောက်မှာ စစ်ရေးဗျူဟာ အသီးသီးဖွဲ့စည်းထားတာ ရှိတယ်။ 

အခုလိုမျိုး စစ်ဗျူဟာတွေ ဖွဲ့စည်းလိုက်တဲ့အတွက် စစ်ရေးဆောင်ရွက်ရာမှာ လျင်မြန်တဲ့ အမိန့်စီးဆင်းမှုတွေ တိကျတဲ့လမ်းညွန်မှုတွေ စုဖွဲ့မှုတွေ ပိုမိုလုပ်ဆောင်လာနိုင်ပါတယ် ခင်ဗျ။ စစ်အာဏာရှင်တိုက်ဖျက်ရေးမှာလည်း ပိုမိုထိရောက်တဲ့ နည်းဗျူဟာတွေ တိုက်ပွဲဖော်ဆောင်တာတွေကို လုပ်ဆောင်နိုင်တာ ဖြစ်ပေါ်လာပါတယ်။ စိန်ခေါ်မှုတွေကတော့ လောလောဆယ်အနေနဲ့ သိပ်မရှိသေးပါဘူး ခင်ဗျ။

မေး – တခြား ဖြည့်စွက်ချင်တာ ရှိဦးမလား။

ဖြေ – ကျွန်တော်တို့ အမှတ်၂၇ စစ်ဗျူဟာနဲ့အတူ ပြည်သူတွေ အားလုံးလည်း ဒီစစ်အာဏာရှင် စနစ်ဆိုးကြီးကို အမြန်ဆုံး တိုက်ဖျက်ချေမှုန်းဖို့ ကျွန်တော်တို့နဲ့တူတူ ပူးပေါင်းလက်တွဲကြပါစို့လို့လည်း ကျွန်တော်တိုက်တွန်းချင်ပါတယ်ခင်ဗျ။

သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.