မော်လမြိုင် ၊ အောက်တိုဘာ ၁၅

စစ်အာဏာရှင်စနစ်တော်လှန်ရေးနဲ့ နိုင်ငံရေးဆွေးနွေးမှုလမ်းစဉ်နှစ်ရပ်ကြား အပစ်ရပ်ထိုး တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့အစည်း EAO သုံးဖွဲ့တို့ဟာ အဖွဲ့အတွင်း ရပ်တည်ချက်၊ ခံယူချက်မတူညီမှုတွေနဲ့ အကွဲအပြဲတွေ ဖြစ်လာခဲ့ပါတယ်။

နိုင်ငံ့အာဏာကို စစ်တပ်ကအဓမ္မသိမ်းယူပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့ စစ်အာဏာရှင်စနစ်တော်လှန်ရေးဟာ အပစ်ရပ်ထိုး EAO တချို့ကို တွေ့ဆုံဆွေးနွေးရေးလမ်းစဉ်ထက် လက်နက်ကိုင်လမ်းစဉ်ပေါ် ဆက်လက်လျှောက်လှမ်းဖို့ တွန်းပို့ခဲ့တာပါ။

အဲဒီအတွက်ကြောင့် ရခိုင်အမျိုးသားလွတ်မြောက်ရေးပါတီ ALP ၊ မွန်ပြည်သစ်ပါတီ NMSP နဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO တို့ရဲ့ အုပ်စုတွေအတွင်း အသွင်မတူတဲ့ ရပ်တည် ချက်တွေ ဖြစ်လာပါတယ်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP မှာ စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ကို လျှောက်လှမ်းလိုတဲ့အဖွဲ့နဲ့ ရခိုင့်ကံကြမ္မာ ရခိုင်တို့ ဖန်တီးနိုင်ဖို့ လက်နက်ကိုင်လမ်းစဉ်ကို လက်ကိုင်ထားတဲ့ အဖွဲ့ဆိုပြီး နှစ်ခြမ်းကွဲနေတာပါ။

သက်တမ်းရင့်တဲ့ မွန်ပြည်သစ်ပါတီမှာလည်း စစ်ကောင်စီနဲ့ ဆက်ဆံပြီး နှစ်ဘက်အပစ်ခတ်ရပ်စဲရေး စာချုပ်အတိုင်း ဆက်လက်ရပ်တည်တဲ့အဖွဲ့နဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအ တွက် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးဆိုတဲ့အဖွဲ့တို့ ပေါ်ပေါက်လာပါတယ်။

ဒါ့အပြင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO/PNLA မှာတော့ လက်နက်ကိုင်တော် လှန်ရေးလမ်းစဉ်ကို ပြန်လည်ဆင်နွှဲနေတဲ့အပေါ် အဖွဲ့ဝင်တချို့ကမူ NCA လမ်းစဉ်အတိုင်း ဆက် လက်လျှောက်လှမ်းဖို့ ကြိုးပမ်းလာတာပါ။

အဲဒီအတွက်ကြောင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ကို သူပိုင်ကိုယ်ပိုင်တယ်ဆိုတဲ့ ရပ်တည်ချက်နဲ့ ဗိုလ်မှူးကြီး ခွန်ဥက္ကာဦးဆောင်တဲ့ အဖွဲ့နဲ့ ဗိုလ်ချုပ်ခွန်သူရိန်ဦးဆောင်တဲ့ အဖွဲ့တို့ ပေါ်ပေါက်လာပါတယ်။

ဒီအခြေအနေတွေကြောင့် သက်ဆိုင်သူတွေ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲ ပေါ်ပေါက်ရေး လမ်းသစ်တစ်ခုကို ကြိုးပမ်းနေတဲ့ အပစ်ရပ်မဟာမိတ် ၇ ဖွဲ့ ရဲ့ လုပ်ငန်းစဉ်အပေါ် ရိုက်ခတ်မှု ရှိနိုင်မလားဆိုတဲ့ မေးခွန်းတွေလည်း ရှိနေပြန်ပါတယ်။

မဟာမိတ် ၇ ဖွဲ့ရဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွန့်က အခက်အခဲအနည်းနဲ့အများ ရှိပေမယ့်လည်း လက်ရှိနိုင်ငံရေးအကြပ်အတည်းမှာ လွန်ဆန်လို့မရတဲ့ အခက်အခဲတွေဖြစ်တာမို့ ထိန်းထိန်းညှိညှိနဲ့ ဆက်သွားနေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“လောလောဆယ်ကတော့ အဲဒီနှစ်ဖွဲ့ သုံးဖွဲ့ က အဲဒီလိုမျိုး (ရပ်တည်ချက်မတူတဲ့ ဘက်နှစ်ဘက်) အ ခြေအနေရှိတယ်ဆိုပေမယ့် ကျွန်တော်တို့ နဂိုက စတင်စုဖွဲ့စဉ်ကတည်းက ဒီအဖွဲ့အစည်းတစ်ခုဆီမှာ သူတို့ရဲ့ လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်နဲ့ ကျွန်တော်တို့ summit မှာ ပူးပေါင်းဆောင်ရွက်တဲ့ အ ခြေခံအပေါ်မှာပဲ ကျွန်တော်တို့က ဆက်လက်ပြီး ပူးပေါင်းဆောင်ရွက်မှုရှိတယ်။ အခက်အခဲရှိသ လားဆိုတော့ ရှိပါတယ်။ အနည်းနဲ့အများ ရှိပါတယ်။ သို့သော်လည်းပဲ ဒီလိုမျိုး အခက်အခဲတွေကလည်း လက်ရှိကျွန်တော်တို့ နိုင်ငံရေးအကျပ်အတည်း ကာလမှာတော့ ဘယ်လိုမှလွန်ဆန်လို့မရတဲ့ အခက်အခဲတွေဖြစ်တာမို့လို့ ဒီအခြေခံအပေါ်မှာ ကျွန်တော်တို့က ထိန်းထိန်းညှိညှိနဲ့ ဆက်လက်ပြီး လက်တွဲဆောင်ရွက်နိုင်တာ ဒီကနေ့အထိ ဆက်သွားနေပါတယ်ဆိုတာ ပြောချင်ပါတယ်ခင်ဗျာ” လို့ ဆိုပါတယ်။

ဦးသိန်းစိန် အစိုးရလက်ထက်မှာ အစပျိုးခဲ့တဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA မှာ တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ လက်မှတ်ရေးထိုးပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ကို ဖွဲ့စည်းခဲ့ပါတယ်။

ဒါပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်ရဲ့ လုပ် ရပ်ကြောင့် PPST မှာပါတဲ့ အဖွဲ့ဝင်တွေဟာ မတူညီတဲ့ အမြင်သဘောထားတွေကြောင့် အပစ်ရပ်ထိုး ၇ ဖွဲ့သာ ကျန်ရှိခဲ့တာ ဖြစ်ပါတယ်။

ကျန်နေတဲ့ အဖွဲ့တွေကလည်း တင်းပြည့်ကျပ်ပြည့် ပါဝင်မှုကနေ နှုတ်ထွက်တာတွေ ရှိလာခဲ့တဲ့အတွက် PPST မှာ အင်အားယိုင်နဲ့လာတာကြောင့် ပြီးခဲ့တဲ့ မျက်နှာစုံညီအစည်းအဝေးကနေ စုဖွဲ့မှုပုံစံအသစ်နဲ့ အပစ်ရပ်မဟာမိတ် ၇ ဖွဲ့ကို ဖွဲ့စည်းခဲ့တာပါ။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ NCA ထိုးထားတဲ့ အဖွဲ့တွေဟာ လက်နက်ကိုင်လှုပ်ရှားမှု တက်တက်ကြွကြွလုပ်တာ မရှိသလို စစ်ကောင်စီကိုမှီခိုနေတဲ့အတွက် စစ်ကောင်စီပြိုလဲရင် သူတို့လည်း ပြိုလဲသွားမယ်လို့ သုံးသပ်ပါတယ်။

“NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေကတော့ လက်နက်ကိုင်လှုပ်ရှားမှု တက်တက်ကြွကြွ လုပ်တာ မရှိဘူး။ ကျန်တဲ့အဖွဲ့တွေကတော့ စစ်ရေးလှုပ်ရှားမှုတွေ ရှိပါတယ်။ အဲဒါကြောင့် အဲဒီအဖွဲ့တွေက စစ်ကောင်စီကို မှီခိုပြီး ရပ်တည်နေတဲ့ အဖွဲ့အစည်းတွေဟာ ဖြစ်တဲ့အတွက် စစ်ကောင်စီပြိုလဲရင် သူတို့လည်း ပြိုလဲသွားမှာပါ။ ကျန်တဲ့အဖွဲ့တွေကတော့ တော်လှန်ရေးနဲ့ ပေါင်းစပ်ပြီး တိုက်ပွဲဝင်နေကြတာ ဖြစ်ပါတယ်”လို့ ဆိုပါတယ်။

အပစ်ရပ် မဟာမိတ် ၇ ဖွဲ့ရဲ့ ဦးဆောင်အဖွဲ့မှာ သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ်နဲ့ မွန်ပြည်သစ်ပါတီ NMSP ဒုဥက္ကဌ နိုင်အောင်မင်းတို့က အဖွဲ့ခေါင်း ဆောင်နဲ့ ဒုအဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူထားကြတာပါ။

အတွင်းရေးမှူးအဖွဲ့မှာတော့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ကရင်ငြိမ်းချမ်းရေးကောင် စီ၊ မွန်ပြည်သစ်ပါတီ၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်၊ လားဟူဒီမိုကရက်တစ်အစည်းအ ရုံး၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီနဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်တို့ ပါဝင်ပါတယ်။

စစ်အာဏာရှင်စနစ်တော်လှန်ရေးမှာ ပါဝင်နေတဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ကတော့ အပစ်ရပ်မဟာမိတ် ၇ ဖွဲ့မှာ သူတို့ အဖွဲ့ ပါဝင်ခြင်းမရှိဘဲ ထည့်သွင်းဖော်ပြထားတာလို့ ဥက္ကဋ္ဌ ခွန်သူရိန်က သတင်းမီဒီယာတွေကို ပြောဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.