ပစ္စဘာ့ဂ်၊ အောက်တိုဘာ ၁၁

အမေရိကန်သမ္မတ ရွေးကောက်ပွဲ ကျင်းပဖို့ တစ်လတောင် မလိုတော့တဲ့အချိန်မှာ လက်ရှိ ဒုသမ္မတ ကာမယ်လာ ဟားရစ်နဲ့ သမ္မတဟောင်း ဒေါ်နယ်ထရန့်တို့ကြား အကြိတ်အနယ် ယှဉ်ပြိုင်ရနိုင်တယ်လို့ သမ္မတဟောင်း ဘားရက် အိုဘားမားက သတိပေးပြီး ဟားရစ်ကို မဲပေးကြဖို့ ပြည်သူတွေကို တိုက်တွန်းလိုက်ပါတယ်။

ကိုယ်စားလှယ်လောင်းနှစ်ဦးလုံး အနိုင်ရနိုင်ခြေ ဆတူရှိတဲ့ ပန်ဆယ်ဗေးနီးယားပြည်နယ် ပစ္စဘာ့ဂ်မြို့မှာ အောက်တိုဘာ ၉ ရက်က ပြုလုပ်ခဲ့တဲ့ မဲဆွယ်မှုအတွင်း အိုဘားမားက နိုဝင်ဘာ ၅ ရက် သမ္မတ ရွေးကောက်ပွဲမှာ လက်ရှိ ဒီမိုကရက်သမ္မတလောင်း ဟားရစ်ကို မဲပေးကြဖို့ ပရိသတ်ကို တိုက်တွန်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အိုဘားမားက စီးပွားရေးနဲ့ ကိုယ်ဝန်ဖျက်ချခွင့် အပါအဝင် ကိစ္စရပ် တော်တော်များများနဲ့ ပတ်သက်ပြီး ရီပါဘလစ်ကန် သမ္မတလောင်း ဒေါ်နယ်ထရန့်ကို ထိုးနှက် တိုက်ခိုက်ခဲ့ပါတယ်။

ဒီအတောအတွင်း နောက်ထပ် အကြိတ်အနယ် ယှဉ်ပြိုင်ရမယ့် ပြည်နယ်တစ်ခုဖြစ်တဲ့ မီချီဂန်ပြည်နယ် ဒက်ထရွိုက်မြို့မှာ အောက်တိုဘာ ၉ ရက် မဲဆွယ်မှုအတွင်း ထရန့်က ဘိုင်ဒန်-ဟားရစ် အစိုးရဟာ မိမိတို့ နိုင်ငံကို ဖျက်ဆီးနေတယ်လို့ စွပ်စွဲ ပြောဆိုခဲ့ပါတယ်။

အမေရိကန် သမ္မတရွေးကောက်ပွဲဟာ ပန်ဆယ်ဗေးနီးယား အပါအဝင် လက်တစ်ဆုပ်စာ ပြည်နယ်တွေက အဆုံးအဖြတ် ပေးမယ်လို့ မျှော်လင့်ရပါတယ်။

အိုဘားမားက ရုန်းကန်နေကြရတဲ့ အမေရိကန်နိုင်ငံသားတွေ အများကြီး ရှိနေတာကြောင့် ရွေးကောက်ပွဲ အကြိတ်အနယ် ယှဉ်ပြိုင်ရလိမ့်မယ်လို့ ပစ္စဘာ့ဂ်တက္ကသိုလ်မှာ ပြောကြားခဲ့ပါတယ်။

ထရန့်ဟာ သူ့အတ္တ၊ ငွေကြေးနဲ့ သူ့ရဲ့ အခြေအနေလောက်ကိုပဲ ဂရုစိုက်တဲ့ တစ်ကိုယ်ကောင်းသမား ဖြစ်တယ်လို့ အိုဘားမားက စွပ်စွဲ ပြောဆိုထားပါတယ်။

၄၄ ယောက်မြောက် အမေရိကန်သမ္မတ အိုဘားမားနဲ့ဇနီး မီချဲလ် အိုဘားမားတို့က ဟားရစ်ကို ဇူလိုင်လက သမ္မတ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းအဖြစ် လူသိရှင်ကြား ထောက်ခံအတည်ပြုခဲ့ကြပါတယ်။

ဒေါ်နယ်ထရန့်ဟာ စွဲချက်တွေ အများကြီးနဲ့ ရင်ဆိုင်နေရတဲ့ သမ္မတ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းဖြစ်ပေမယ့် သူ့ကို ရီပါဘလစ်ကန်ပါတီ ထောက်ခံသူတွေက သဘောကျနေကြဆဲ ဖြစ်တာကြောင့် ဟားရစ်နဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ရနိုင်ပါတယ်။

လောလောဆယ် သဘောထား စစ်တမ်းတွေမှာ ဟားရစ်က ထရန့်ထက် ထောက်ခံမှု အနည်းငယ် အသာရထားပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.