ရန်ကုန် ၊ အောက်တိုဘာ ၁၀

ပြည်သူတွေက လုံခြုံရေးဆိုင်ရာတာဝန်ရှိသူတွေနဲ့ ပူးပေါင်းပေးမယ်ဆိုရင် လုံခြုံရေးဆိုင်ရာကျိုးပေါက်မှုတွေ လျော့နည်းသွားမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။

အောက်တိုဘာ ၈ ရက်နေ့က ရန်ကုန်တိုင်းမှာ ပြုလုပ်ခဲ့တဲ့ တိုင်းဒေသကြီး လုံခြုံရေးနဲ့ ဖွံ့ဖြိုးတိုး တက်ရေးအစည်းဝေး တက်ရောက်ချိန်မှာ စစ်ခေါင်းဆောင်က ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

လုံခြုံရေးနဲ့ပတ်သက်လို့ ပြီးပြည့်စုံတဲ့ လုံခြုံရေးမရှိဘဲ လူထုပါဝင်တဲ့ လုံခြုံရေးဟာ ပိုမိုခိုင်မာအားကောင်းနိုင်မှာဖြစ်ပြီး ပြည်သူ့လုံခြုံရေးဟာ လုံခြုံရေးဆိုင်ရာလုပ်ငန်းတွေကို ပြည်သူတွေက အသိရှိရှိနဲ့ ပူးပေါင်းပါဝင်ပေးခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ပြည်သူတွေက လုံခြုံရေးဆိုင်ရာတွေနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေနဲ့ပူးပေါင်းဆောင် ရွက်ပေးမယ်ဆိုရင် လုံခြုံရေးဆိုင်ရာကျိုးပေါက်မှုတွေ လျော့နည်းသွားမယ်လို့ စစ်ခေါင်းဆောင်က ပြောဆိုခဲ့တာပါ။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပြည်သူတစ်ဦးက လက်ရှိအချိန်မှာ စစ်ကောင်စီထောက်တိုင်တွေနဲ့ တော်လှန်ရေးအဖွဲ့တွေ ပြဿနာဖြစ်နေချိန်မှာ စစ်တပ်ရှိနေရဲ့သားနဲ့ ပြည်သူ့လုံခြုံရေး လိုသေးရဲ့လားလို့ မေးခွန်းထုတ်ပါတယ်။

“လက်ရှိအချိန်မှာက ကျွန်တော်တို့က စကစရဲ့ထောက်တိုင်တွေနဲ့ တော်လှန်ရေးအဖွဲ့တွေက ပြဿ နာဖြစ်နေတဲ့အချိန်မှာ စကစထောက်တိုင်တွေဆိုတာကလည်း ပြည်သူ့လုံခြုံရေးမှာ လုပ်ချင်တဲ့သူ ရှိတယ်။ မလုပ်ချင်တဲ့သူတွေရှိတယ်။ တကယ်တမ်းကျတော့ စစ်တပ်ဆိုတဲ့ဟာကြီး ရှိနေရဲ့သားနဲ့ ပြည်သူ့ လုံခြုံရေးက လိုသေးရဲ့ လားပေါ့” လို့ ပြောပါတယ်။

စစ်ခေါင်းဆောင်ကတော့ ပြည်သူ့ဝန်ထမ်းတွေအနေနဲ့လည်း လုံခြုံရေးအသိ၊ လုံခြုံရေးအမြင်နဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုရင် လုံခြုံရေးဆိုင်ရာ ကျိုးပေါက်မှုတွေကို တားဆီးနိုင်မှာဖြစ်သလို လျော့ကျစေနိုင်မယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက် နှိမ်နင်းရေးအဖွဲ့ဝင်တွေအနေနဲ့ တော်လှန်ရေးအဖွဲ့တွေ မိမိတို့ရပ်ကွက်၊ ကျေးရွာထဲ စိမ့်ဝင်မှုမရှိစေရေး လူထုနဲ့ပူးပေါင်းပြီး လုံခြုံရေးအသိ လုံခြုံရေးသတိနဲ့ စောင့်ကြည့်နေရမှာဖြစ်တယ်လို့ ညွန်ကြားသွားတာပါ။

အထက်ဖော်ပြပါ ပြည်သူကတော့ PDF ဟာ ငြိမ်းချမ်းစွာ ဆန္ဒပြတာကို စစ်တပ်ရဲ့ ဖမ်းဆီးသတ် ဖြတ်မှုကြောင့် လက်နက်ကိုင်တော်လှန်တာဖြစ်လို့ ပြည်သူ့ လုံခြုံရေးဟာ ပြည်သူချင်း ဖြစ်ဆိုတဲ့ ပုံစံမျိုးလို့ ထောက်ပြပါတယ်။

“တော်လှန်ရေး(အဖွဲ့) ဖြစ်လာတဲ့ PDF ဆိုတာကလည်း သူတို့ဘာသာသူတို့ ငြိမ်းချမ်းစွာဆန္ဒပြတယ်။ စစ်တပ်က ဒါကို ဖမ်းဆီးသတ်ဖြတ်တယ်။ အဲဒီအခါ မခံမရပ်နိုင်လို့ တောထဲသွားတယ်။ ရရာလက်နက်ဆွဲပြီးတိုက်တယ် တော်လှန်တယ်။ ဒါတွေနဲ့ သူတို့ (PDF) ဖြစ်လာတာပေါ့။ အဲဒါအခုကကျတော့ စစ်တပ်ရှိရဲ့သားနဲ့ ပြည်သူ့လုံခြုံရေးဆိုတော့ ပြည်သူချင်း ပြည်သူချင်း ပြန်ပြီးတော့ ဖြစ်ဆိုတဲ့ပုံစံမျိုး လုပ်လိုက်တာနဲ့ အတူတူပါပဲခင်ဗျာ” လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ကောင်စီ စတင်ဖွဲ့စည်းခဲ့တဲ့ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေး ဗဟိုကြီးကြပ်ကွပ်ကဲမှုအဖွဲ့ဟာ တိုင်းနဲ့ ပြည်နယ်၊ ခရိုင်၊ မြို့ နယ်နဲ့ ရပ်ကွက် ကျေးရွာအုပ်စုအထိ ဖွဲ့စည်းလာတာပါ။

အဖွဲ့ဝင်တွေကို စစ်သင်တန်းပေးတာ၊ လက်နက်တပ်ဆင်တာ၊ ထောက်ပံ့ပို့ဆောင်တာနဲ့ ဒဏ်ရာရ တပ်ဖွဲ့ဝင်တွေကို ရွှေ့ထုတ်ကယ်ဆယ်ရေးတာဝန်တွေလည်း ပေးအပ်သွားဖို့ စစ်ကောင်စီက စီစဉ်ထားတာ ဖြစ်ပါတယ်။

ထိရောက်စွာ တိုက်ပွဲဝင်နိုင်ဖို့ကိုလည်း အခြေအနေနဲ့ကိုက်ညီတဲ့ နည်းဗျူဟာတွေ လေ့ကျင့်ပေးတာ၊ တပ်ဖွဲ့ဝင်တွေကို နယ်မြေလုံခြုံရေးနဲ့ ကာကွယ်ရေးတာဝန်၊ စစ်မြေပြင်တာဝန်တွေမှာလည်း အသုံးချဖို့ ရှိနေတာပါ။

ဒါကြောင့် အသက် ၃၅ နှစ်ကနေ ၆၅ နှစ်အထိ အမျိုးသားတွေကို ပြည်သူ့လုံခြုံရေးအဖွဲ့ထဲ ပါဝင်ခိုင်းကာ တစ်လကြာ စစ်သင်တန်းပေးပြီး ရပ်ကွက်၊ ကျေးရွာတွေမှာ လုံခြုံရေးတာဝန်ထမ်းဆောင်ဖို့ ဖြစ်ပါတယ်။

လက်ရှိမှာတော့ စစ်တပ်နဲ့ နီးစပ်သူတွေ အပါအဝင် အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက စည်းရုံးလို့ ရတဲ့ သူတွေကို ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိပ်နင်းရေးအဖွဲ့ထဲ ဆွဲသွင်းပြီး စစ်သင်တန်းတက်ခိုင်းကာ ရပ်ကျေးအလိုက် ဖွဲ့စည်းတာတွေ တချို့ဒေသမှာ ရှိလာနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.