ရေး၊ အောက်တိုဘာ ၉

မွန်ပြည်နယ် ရေးမြို့နယ် ကျောင်းရွာကျေးရွာအခြေစိုက် အမှတ် ၅၈၃ ခြေမြန်တပ်ရင်းအနီး ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း ရဲမေတစ်ဦးအပါဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်ငါးဦး သေဆုံးခဲ့တယ်လို့ ရေးဘီလူးအဖွဲ့ထံကနေ သိရပါတယ်။

ရေးဘီလူးအဖွဲ့ဟာ ပြီးခဲ့တဲ့အောက်တိုဘာ ၇ ရက်နေ့ နေ့လယ်ပိုင်းက ကံလှနဲ့ဖားကြီးကျေးရွာကြားမှာ လုံခြုံရေးအရ ပိတ်ဆို့စစ်ဆေးနေစဉ် အမှတ် ၅၉၁ ခြေမြန်တပ်ရင်းမှ လက်နက်ကြီး သင် တန်းဆင်းထားတဲ့ ရဲမေတစ်ဦးကို အရင်ဆုံးဖမ်းဆီးရမိခဲ့တာပါ။

အဲဒီနောက် ဖမ်းဆီးရမိတဲ့ ရဲမေအား စစ်ဆေးမေးမြန်းချက်အရ ကျောင်းရွာကျေးရွာအနီး ရော်ဘာတောထဲမှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်ကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ပွဲအတွင်း ထွက်ပြေးသွားတဲ့ ရဲမေတစ်ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်ငါးဦး သေဆုံးပြီး ရေးဘီလူးအဖွဲ့ကလည်း ရဲဘော်တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ရေးဘီလူးအဖွဲ့ ခေါင်းဆောင်က သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ အချိန်နာရီဝက်နီးပါးကြာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း ကျောင်းရွာအခြေစိုက်တပ်က လက်နက်ကြီး ပစ်ခတ်တာတွေ ရှိပေမယ့် နှစ်ဖက်ထိခိုက်သေဆုံးမှု အသေးစိတ်အချက်အလက် မသိရဘူးလို့ ဆိုပါတယ်။

ဒါပေမယ့် တိုက်ပွဲဖြစ်ပွားပြီးနောက် ကံလှကျေးရွာ လမ်းဆုံနားက ဈေးဆိုင်တစ်ဆိုင် မီးရှို့ဖျက်ဆီးခံလိုက်ရပြီး ဘယ်အဖွဲ့ လက်ချက်ဆိုတာ မသိရဘူးလို့ ပြောပါတယ်။

တိုက်ပွဲအတွင်း သေဆုံးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ရုပ်အလောင်းကိုတော့ ညနေပိုင်းမှာ စစ်ကောင်စီတပ်က အမှတ် ၅၈၃ ခြေမြန်တပ်ရင်းထံ လာရောက်သယ်ဆောင်သွားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၆ ရက်နေ့ကလည်း ရေးမြို့နယ် အာယုတောင်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီလက်အောက်ခံ အာယုတောင်ဌာနေပြည်သူ့စစ်အဖွဲ့ တိုက်ခိုက်ခံရပြီး သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ရေးမြို့နယ်မှာ အခုလဆန်းပိုင်းကစပြီး နှစ်ဖက်အပြန်အလှန် တိုက်ခိုက်မှုတွေ ခပ်စိပ်စိပ်ပြန်ဖြစ်လာတဲ့အတွက် တိုက်ပွဲကြီးတွေ ဖြစ်ပွားလာမှာကို ဒေသခံပြည်သူတွေအကြား စိုးရိမ်မှုတွေ ရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-ရေးဘီလူး

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.