တနင်္သာရီ၊ အောက်တိုဘာ ၁၀

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ဘန်လောကျေးရွာအုပ်စုမှာ စစ်ကောင်စီတပ် ဒရုန်းနဲ့ဗုံးကြဲတိုက် ခိုက်မှုကြောင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင် အားစုတွေထံက သိရပါတယ်။

အောက်တိုဘာ ၈ ရက်နေ့ နေ့လယ် ၁ နာရီအချိန်ခန့်က စစ်ကောင်စီတပ်ဟာ ဘန်လောကျေးရွာ အုပ်စုက ကျေးရွာတွေကို တိုက်ပွဲဖြစ်ပွဲခြင်းမရှိဘဲ အကြောင်းမဲ့ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာပါ။

အဲဒီဗုံးကြဲတိုက်ခိုက်မှုအတွင်း အနောက်ဘန်လောကျေးရွာနေ သက် ၆၂ နှစ်အရွယ် ဒေါ်နွှဲ့ဟာ ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့သလို နေအိမ်သုံးလုံးလည်း ပျက်စီးခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပကဖ ပြန်ကြား ရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီရဲ့ ဒရုန်းဗုံးကြဲတိုက်ခိုက်မှုဟာ တော်လှန်ရေးရဲဘော်တွေ ရှိနိုင်မယ့်အထင်နဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး လက်ရှိမှာလည်း မပေါက်ကွဲသေးဘဲ ကျန်ရှိနေတဲ့ ဒရုန်းဗုံးသီးတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက်နေ့ကလည်း သိန္ဓောကျေးရွာစခန်းဟောင်းနဲ့ တကူကျေးရွာအုပ်စုရှိ အင်းရှည်ကုန်းကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာတိုက်လေယာဉ်နဲ့ အကြောင်းမဲ့ဗုံးကြဲတိုက် ခိုက်ခဲ့ပါသေးတယ်။

တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်တွေကြား နှစ်ဖက်ထိတွေ့ တိုက်ပွဲ ဖြစ်ပွားတာမျိုးမရှိဘဲ စစ်ကောင်စီဘက်က အရပ်သားပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာကြောင့် ဒေသခံပြည်သူတွေကြား စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေတာပါ။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၃ ရက်နေ့ကလည်း ညောင်ပင်ကုန်းကျေးရွာမှာ စစ်ကောင်စီရဲ့ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဈေးဝယ်ဖို့စောင့်နေတဲ့ အမျိုးသမီးသုံးဦး ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.