တဲလ်အဗစ်၊ အောက်တိုဘာ ၉

ဂါဇာမှာ မြင်တွေ့ခဲ့ရတဲ့ ပျက်စီးဆုံးရှုံးမှု၊ ထိခိုက်ခံစားရမှုမျိုးကို ရှောင်ရှားရေး ဟစ်ဇဘိုလာအဖွဲ့ကို မောင်းထုတ်ပစ်ကြဖို့ လက်ဘနွန် ပြည်သူတွေကို အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက တိုက်ရိုက် ပန်ကြားလိုက်ပါတယ်။

လက်ဘနွန် အနောက်တောင်ပိုင်းရှိ ဒေသသစ် တစ်ခုသို့ အစ္စရေးက တပ်ဖွဲ့ဝင် ထောင်နဲ့ချီပြီး ထပ်မံ စေလွှတ်လိုက်ပြီး မြေပြင်ထိုးစစ်ဆင်မှု တိုးမြှင့်လိုက်ပြီးနောက် အောက်တိုဘာ ၈ ရက်က ဝန်ကြီးချုပ် နေတန်ညာဟုရဲ့ အခုလို ပန်ကြားချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဟစ်ဇဘိုလာ ခေါင်းဆောင်ဟောင်း ဟာဆန် နာဆရယ်လာရဲ့ နေရာ ဆက်ခံသူ ဟာရှန် ရှဖီဒင်ကို အစ္စရေးတပ်ဖွဲ့တွေက ရှင်းလင်းသုတ်သင် ပစ်လိုက်ပြီလို့ ဝန်ကြီးချုပ်က ပြောပေမယ့် သူသေဆုံးကြောင်း အတည် မပြုနိုင်သေးဘူးလို့ အစ္စရေးစစ်တပ်က ပြောပါတယ်။

အစ္စရေးရဲ့ ဆိပ်ကမ်းမြို့ ဟိုင်ဖာကို ဟစ်ဇဘိုလာ တိုက်ခိုက်ရေးသမားတွေက ဒုံးကျည်တွေနဲ့ တတိယမြောက်နေ့ ဆက်တိုက် ပစ်ခတ်မှုကြောင့် လူ ၁၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အစ္စရေးက ပြောပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်က အစ္စရေးတောင်ပိုင်းသို့ ဟားမာ့စ် အဖွဲ့ရဲ့ ဝင်ရောက် တိုက်ခိုက်မှုကြောင့် အစ္စရေးရဲ့ စစ်ပွဲ စတင်ပြီးနောက် ဟစ်ဇဘိုလာက ဟားမာ့စ်ကို ထောက်ခံတဲ့ အနေနဲ့ အစ္စရေးကို ဒုံးကျည်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။

ဟားမာ့စ်ကို ချေမှုန်းဖို့ အစ္စရေးရဲ့ ဂါဇာစစ်ပွဲ ဆင်နွှဲမှုကနေ ဒေသတွင်း အီရန်ထောက်ပံ့ထားတဲ့ လက်နက်ကိုင် အဖွဲ့တွေက အစ္စရေးကို တိုက်ခိုက်နေကြတဲ့ အခြေအနေကြောင့် အရှေ့အလယ်ပိုင်းမှာ ပိုကြီးမားတဲ့ စစ်ပွဲ တစ်ပွဲ ဖြစ်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ထွက်ပေါ်နေပါတယ်။

အီရန်က သူတို့ရဲ့ တော်လှန်ရေးအစောင့်တပ် တပ်မှူး သတ်ဖြတ်ခံရမှုနဲ့ ဟစ်ဇဘိုလာအဖွဲ့ ခေါင်းဆောင် နာဆရယ်လာ သတ်ဖြတ်ခံရမှုတို့အတွက် လက်တုံ့ပြန်တဲ့ အနေနဲ့ အစ္စရေးကို ဒုံးကျည် ၁၈၀ ကျော်နဲ့ တိုက်ခိုက်ခဲ့ပြီးနောက် ဒေသတွင်း ပဋိပက္ခမှာ အမေရိကန် တိုက်ရိုက် ပါဝင်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။

ဒီအတောအတွင်း ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားရေး အရာရှိတွေကလည်း ဂါဇာမှာလို ထိခိုက် ပျက်စီးမှုမျိုးကို ရှောင်ရှားဖို့ လက်ဘနွန်မှာ တိုက်ခိုက်မှုတွေ အရှိန်မြင့်တက်လာနေမှုကို ရပ်တန့်ရေး တိုက်တွန်းထားပါတယ်။

ကမ္ဘာ့စားနပ်ရိက္ခာစီမံကိန်းကလည်း လက်ဘနွန်မှာ စိုက်ခင်းမြေ ဟက်တာ ထောင်နဲ့ချီပြီး ပျက်စီးသွားတာနဲ့ စွန့်ပစ်ခံထားရတာကြောင့် နိုင်ငံတွင်း ကိုယ်တိုင် စားနပ်ရိက္ခာ ထောက်ပံ့နိုင်မှုနဲ့ ပတ်သက်လို့ အထူး စိုးရိမ်ကြောင်း သတိပေးထားပါတယ်။

အပစ်ရပ်ရေး ကြိုးပမ်းမှုတွေကို ထောက်ခံကြောင်း ဟစ်ဇဘိုလာ ခေါင်းဆောင်ရဲ့ ပြောဆိုမှုဟာ သူတို့အဖွဲ့ အထိ နာနေပြီ ဖြစ်ကြောင်း ဖော်ပြနေတာ ဖြစ်တယ်လို့ အစ္စရေးရဲ့ မဟာမိတ် အမေရိကန်က ပြောဆိုထားပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.