သံဖြူဇရပ်၊ အောက်တိုဘာ ၈

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် အေးကမ္ဘာကျေးရွာအနီး ရေး-သံဖြူဇရပ်ကားလမ်းမှာ ရွှေစင်စင်္ကြာ ခရီးသည်တင်မှန်လုံယာဉ်တစ်စီး ပစ်ခတ်ခံရတာကြောင့် ခရီးသည် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

မြိတ်မြို့ကနေ ရန်ကုန်မြို့သို့ ထွက်လာတဲ့ အဲဒီခရီးသည်တင်မှန်လုံယာဉ်ဟာ အောက်တိုဘာ ၇ ရက်နေ့ နေ့လည် ၁ နာရီအချိန်ခန့်က အေးကမ္ဘာကျေးရွာအရောက်မှာ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ခရီးသည်တင်ယာဉ် သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် ကားပေါ်ပါလာတဲ့ ရန်ကုန်တိုင်း ကော့မူးမြို့ နယ်နေ အသက် ၃၀ အရွယ် ဒေါ်နွယ်ရီလင်းဟာ ဝဲဘက်ပေါင်ရင်း ကျည်ဖောက်ဝင်ဒဏ်ရာရှိခဲ့ပါတယ်။

ရွှေစင်စင်္ကြာယာဉ်လိုင်း တာဝန်ရှိသူတစ်ဦးရဲ့ ပြောပြချက်အရ အဲဒီခရီးသည်တင်ယာဉ်မှာ ခရီးသွားငါးဦးနဲ့ ကုန်ပစ္စည်းတွေသာ ပါဝင်တယ်လို့ သိရပါတယ်။

ခရီးသည်တင်ယာဉ် ပစ်ခတ်ခံရမှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီနဲ့တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေဘက်က လက်ရှိအချိန်အထိ တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

ခရီးသည်တင်ယာဉ် ပစ်ခတ်ခံရတဲ့ အေးကမ္ဘာကျေးရွာဟာ စစ်ကောင်စီအပြင် တော်လှန်ရေးအင် အားစု ပူးပေါင်းတပ်ဖွဲ့တွေ စစ်ရေးလှုပ်ရှားတဲ့ ဒေသတစ်ခုလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၅ ရက်နေ့ကလည်း ရေးမြို့နယ် နှစ်ကရင်ကျေးရွာလမ်းဝမရောက်ခင် သံဖြူဇရပ်-ရေးလမ်းပိုင်းမှာ ကွန်တိန်နာယာဉ်တစ်စီး ပစ်ခတ်ခံရပြီး ယာဉ်မောင်းတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-PAN

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.