ဘန်ကောက် အောက်တိုဘာ ၈

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်အဆုံးသတ်ရေး အာဆီယံအနေနဲ့ အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်ရမယ်လို့ ထိုင်းဝန်ကြီး ပေသွန်ထန် ရှင်နာဝပ်ထရာက ဒီတစ်ပတ်ထဲ လာအိုနိုင်ငံမှာ ကျင်းပမယ့် အဖွဲ့ဝင် ၁၀ နိုင်ငံပါ အာဆီယံ ထိပ်သီးအစည်းအဝေးမတိုင်ခင် ပြောဆိုလိုက်ပါတယ်။

ရွေးကောက်ခံ အရပ်သားအစိုးရကို စစ်တပ်က ဖြုတ်ချခဲ့ပြီး ဆန့်ကျင်ဆန္ဒပြမှုတွေကနေ လက်နက်ကိုင် ပုန်ကန်မှုတွေဖြစ်စေခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ အာဏာသိမ်းဖြစ်စဉ်မှာကတည်းက မြန်မာနိုင်ငံရဲ့အခြေအနေတွေ ကမောက်ကမ ဖြစ်နေခဲ့တယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။

ဘန်ကောက်မြို့မှာလုပ်တဲ့ အခမ်းအနားတစ်ခုမှာ ဝန်ကြီးချုပ် ပေသွန်ထန်က “မြန်မာနိုင်ငံမှာ ဖြစ်နိုင်ရင် အမြန်ဆုံး ငြိမ်းချမ်းရေးရရှိစေဖို့ အာဆီယံဟာ အရေးပါတဲ့အခန်းကနေ ပါဝင်ရပါမယ်” လို့ ပြောဆိုခဲ့ပါတယ်။

ထိုင်းနိုင်ငံဟာ အဲဒီအကြပ်အတည်းကို ဖြေရှင်းဖို့အတွက် သံတမန်နည်းလမ်းတွေကို သုံးပြီး လာမယ့်နှစ် အာဆီယံ ဥက္ကဌဖြစ်လာမယ့် မလေးရှားနိုင်ငံနဲ့ လက်တွဲလုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ဝန်ကြီးချုပ် ပေသွန်ထန်က ပြောပါတယ်။

နောက်ပြီး မနက်ဖြန် အောက်တိုဘာ ၉ ရက်ကစလို့ ပြုလုပ်မယ့် အာဆီယံ နှစ်ပတ်လည် ထိပ်သီးအစည်းအဝေးမှာ ခေါင်းဆောင်တွေရဲ့ တွေဆုံမှုအတွင်း ဆုံးဖြတ်ချက် ချမှတ်နိုင်ဖို့ ထပ်တိုးကြိုးပမ်းရေးလည်း တိုက်တွန်းခဲ့ပါတယ်။

အရင်ထိုင်းဝန်ကြီးချုပ် ဆရက်သာ သာဗီဆင်ကတော့ မြန်မာစစ်တပ်ဟာ အင်အားချိနဲ့မှုက တွေ့ဆုံဆွေးနွေးမှုတွေအတွက် လမ်းဖွင့်ပေးနေပြီဖြစ်တာကြောင့် ဒါဟာ ဆွေးနွေးညှိနှိုင်းဖို့အချိန် ကျရောက်နေပြီလို့ ပြီးခဲ့တဲ့ ဧပြီလမှာ ပြောခဲ့ဖူးပါတယ်။

အဖွဲ့ဝင် ၁၀ နိုင်ငံပါတဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံအနေနဲ့ တူညီဆန္ဒငါးချက်ကို ၂၀၂၁ ခုနှစ် ဧပြီလမှာ ပြဌာန်းခဲ့ပေမယ့် တိုးတက်မှုအရိပ်အယောင် မရှိခဲ့ဘဲ တွေ့ဆုံဆွေးဖို့အတွက်သာ ထပ်ခါတလဲလဲ တောင်းဆိုခဲ့တာကိုတွေ့ရပါတယ်။

မြန်မာစစ်တပ်ကတော့ သူ့ရဲ့ပြိုင်ဖက်တွေနဲ့ ဆွေးနွေးဖို့ ငြင်းဆန်ထားပြီး အဲဒီပြိုင်ဖက်တွေဟာ တိုင်းပြည်ကို ဖျက်ဆီးနေတဲ့ အကြမ်းဖက်သမားတွေလို့ ခေါ်ဆိုနေခဲ့တာပါ။ ၅၅ သန်းရှိတဲ့ မြန်မာနိုင်ငံ လူဦးရေရဲ့ သုံးပုံတစ်ပုံဟာ လူသားချင်းစာနာတဲ့ အကူအညီတွေ လိုအပ်မှုတွေဖြစ်ခဲ့ရတဲ့ မြင့်တက်လာတဲ့ ပဋိပက္ခတွေကတော့ လာမယ့် လာအိုအစည်းအဝေး အစီအစဉ်မှာထိပ်ဆုံးက ရှိနေပါတယ်။

အာဆီယံကတော့ ကနဦးပိုင်းမှာ သဘောတူခဲ့တဲ့ ငြိမ်းချမ်းရေး အစီအစဉ်ကို လိုက်နာဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့တဲ့အတွက် ထိပ်သီးအစည်းအဝေးမှာ စစ်တပ်ခေါင်းဆောင်ပိုင်းကို တက်ရောက်ခွင့် ဆက်လက် တားမြစ်ထားဆဲဖြစ်ပါတယ်။ အခုထိပ်သီးအစည်းအဝေးမတိုင်ခင် ပြီးခဲ့တဲ့တစ်ပတ်မှာတော့ အင်ဒိုနီးရှားနိုင်ငံဟာ ကုလသမဂ္ဂနဲ့ မြန်မာစစ်တပ်ရဲ့ အတိုက်အခံတွေ ပါဝင်တဲ့ နိုင်ငံတကာဆွေးနွေးပွဲတစ်ခုကို လက်ခံကျင်းပခဲ့ပါသေးတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.