ဒါဗောင်၊ အောက်တိုဘာ ၈

လာမယ့်နှစ် သက်တမ်းဝက် ရွေးကောက်ပွဲမှာ နိုင်ငံတောင်ပိုင်းမြို့ ဒါဗောင်ရဲ့ မြို့တော်ဝန်ရာထူးအတွက် ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဖိလစ်ပိုင် သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးက အောက်တိုဘာ ၇ ရက်မှာ မှတ်ပုံတင်ထားလိုက်ပြီ ဖြစ်ပါတယ်။

ဒူတာတေးဟာ သမ္မတရာထူး တာဝန်ယူချိန်က လူသေဆုံးမှုများတဲ့ မူးယစ်ဆေးဝါး နှိမ်နှင်းမှုတွေကြောင့် ပြည်တွင်းနဲ့ နိုင်ငံတကာရဲ့ စစ်ဆေးဖို့ ကြိုးပမ်းမှုတွေ ထွက်ပေါ်လာခဲ့ပြီး ဒါဗောင်မြို့ဟာ သူ့အတွက် မိသားစုအမာခံ နယ်မြေဖြစ်ပါတယ်။

၂၀၂၈ ခုနှစ် သမ္မတရွေးကောက်ပွဲ မတိုင်ခင် သမ္မတ ဖာဒီနန် မားကို့စ် မိသားစုနဲ့ လူသိရှင်ကြား ခါးခါးသီးသီး အချင်းများပြီးနောက် ဒူတာတေးရဲ့ မြို့တော်ဝန်အဖြစ် ရွေးကောက်ခံမယ့် ဆုံးဖြတ်ချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဒါဗောင်မြို့မှာ လိုအပ်တဲ့ ကိုယ်စားလှယ်လောင်း စာရွက်စာတမ်းတွေကို ပေးသွင်းပြီးနောက် မြို့သူမြို့သားတွေ အတွက် တာဝန်ထမ်းဆောင်လိုကြောင်း လက်ရှိ ဒုသမ္မတ ဆာရာ ဒူတာတေးရဲ့ ဖခင်ဖြစ်သူ အသက် ၇၉ နှစ်အရွယ် ဒူတာတေးက ပြောကြားခဲ့ပါတယ်။

သူ့ရဲ့ ရွေးကောက်ပွဲ တွဲဖက်ကတော့ သားဖြစ်သူ လက်ရှိ ဒါဗောင်မြို့ရဲ့ မြို့တော်ဝန် ဆီဗက်စတီယန် ဒူတာတေး ဖြစ်လာမှာ ဖြစ်ပြီး ဒါဗောင်မြို့ကို အရင်ကထက် ပိုကောင်းလာအောင် လုပ်ပေးချင်တယ်လို့ သမ္မတဟောင်း ဒူတာတေးက သတင်းထောက်တွေ ရှေ့မှောက်မှာ ပြောကြား ပါတယ်။

သမ္မတဟောင်းရဲ့ အခုလို မြို့တော်ဝန် ရာထူးအတွက် ပါဝင်ယှဉ်ပြိုင်ဖို့ ကြိုးပမ်းတာဟာ ၂၀၂၈ သမ္မတ ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ်လို့ အများက မျှော်လင့်ထားတဲ့ သမီးဖြစ်သူ ဆာရာ ဒူတာတေး အတွက် ထောက်ခံမှု ပိုမိုရရှိစေရေး ကြိုးပမ်းမှု ဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၂၅ သက်တမ်းဝက် ရွေးကောက်ပွဲ မတိုင်ခင် လက်ရှိသမ္မတ မားကို့စ် မိသားစုနဲ့ သမ္မတဟောင်း ဒူတာတေး မိသားစုတို့က ထောက်ခံမှု ပိုများလာအောင် ကြိုးပမ်းနေကြတာကြောင့် ဒီရွေးကောက်ပွဲဟာ သူတို့ မိသားစု နှစ်စုလုံးအတွက် အရေးကြီးပါတယ်။

သမ္မတဟောင်း ဒူတာတေး လက်ထက်က မူးယစ်ဆေးဝါး နှိမ်နှင်းမှုတွေအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို နိုင်ငံတကာ ရာဇဝတ်မှု တရားရုံးက စုံစမ်း စစ်ဆေးနေပါတယ်။

ဒူတာတေး လက်ထက်က မူးယစ်ဆေးဝါး နှိမ်နှင်းမှုတွေအတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်သူလို့ သံသယ ရှိသူတွေ ပစ်သတ်ခံခဲ့ရပါတယ်။

ဒီလို မူးယစ်ဆေးဝါး နှိမ်နှင်းမှုတွေကို လက်ရှိ သမ္မတ မားကို့စ် လက်ထက်မှာလည်း ဆက်လက် ပြုလုပ်နေပါတယ်။

ဒူတာတေးလက်ထက်က မူးယစ်ဆေးဝါးနှိမ်နှင်းမှုနဲ့ ဆက်စပ်တဲ့ လူသေဆုံးမှုတွေကို လွှတ်တော် ကိုယ်စားလှယ်အဖွဲ့ကလည်း စုံစမ်းစစ်ဆေးနေပါတယ်။

ဒူတာတေး လက်ထက်က မူးယစ်ဆေးဝါး နှိမ်နှင်းမှုအတွင်း လူ ၆၀၀၀ သတ်ဖြတ်ခံခဲ့ရတယ်လို့ ဖိလစ်ပိုင်အရာရှိတွေက ပြောပေမယ့် အမှန် တကယ် သတ်ဖြတ်ခံရသူ အရေအတွက်ဟာ ၁၂၀၀၀ ကနေ ၁၃၀၀၀ အထိ ရှိနိုင်တယ်လို့ နိုင်ငံတကာရာဇဝတ်မှု တရားရုံး ရှေ့နေတွေက ပြောထားပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.