ရီးယာ့ဒ်၊ အောက်တိုဘာ ၈

သေဒဏ်ပေးမှု လျှော့ချပါ့မယ်လို့ ကတိပေးထားပေမယ့် ဆော်ဒီအာရေးဗီးယားမှာ ကွပ်မျက် သတ်ဖြတ်မှု စံချိန်တင် မြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။

အခု ၂၀၂၄ ခုနှစ် တစ်နှစ်တည်းမှာတင် ကွပ်မျက် သတ်ဖြတ်ခံရသူ ၂၀၈ ဦးရှိပြီး ၂၀၂၂ ခုနှစ်က ၁၉၆ ဦးထက် ပိုများလာခဲ့သလို တစ်ရက်တည်းနဲ့ ၈၁ ဦး ကွပ်မျက်ခဲ့တဲ့ မှတ်တမ်း ရှိနေပါတယ်။

ဖခင်ဖြစ်သူ ဆော်လမန်ရဲ့ အရိုက်အရာကိုဆက်ခံမယ့် အိမ်ရှေ့စံ အဖြစ် ၂၀၁၅ ခုနှစ်မှာ နေရာရလာခဲ့တဲ့ ပြုပြင်ပြောင်းလဲရေးဝါဒီ မိုဟာမက် ဘင်ဆော်လမန်ဟာ ကွပ်မျက်မှုပေါင်း ၁၄၄၇ ထက်မနည်းကို ကြီးကြပ်ခဲ့တာဖြစ်ပါတယ်။

လူ့အခွင့်အရေးကောင်စီမှာ ဆော်ဒီအာရေးဗီးယားကို နေရာပေးရေး၊ မပေးရေး ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေက လာမယ့် အောက်တိုဘာ ၉ ရက်မှာ မဲခွဲဆုံးဖြတ်ဖို့ ရှိနေချိန် အခုလို ကွပ်မျက်ခံရသူ စာရင်း ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဆော်ဒီအိမ်ရှေ့စံလက်ထက် ပြုလုပ်ထားတဲ့ ပြုပြင်ပြောင်းလဲမှုတွေမှာ အမျိုးသမီးတွေကို ကားမောင်းနှင်ခွင့် ပေးတာ၊ အားကစားနဲ့ ဖျော်ဖြေရေး နယ်ပယ်မှာ ကမ္ဘာ့ထိပ်တန်း နာမည်ကြီး တချို့ကို လာရောက်ခွင့် ပြုတာတို့ ပါဝင်ပါတယ်။

သေဒဏ်ပေးတာနဲ့ ပတ်သက်လို့ ၂၀၀၀ ပြည့်နှစ်မှာ နားလည်မှု စာချွန်လွှာ တစ်ရပ် လက်မှတ်ရေးထိုးထားခဲ့ပေမယ့် စက်တင်ဘာလ တစ်လတည်းမှာပဲ ၃၂ ဦး၊ သြဂုတ်လအတွင်း ၄၂ ဦး ကွပ်မျက် သတ်ဖြတ်ခဲ့ပြီး ၂၀၂၄ ခုနှစ် အတွင်း လအလိုက် ကွပ်မျက်မှု အများဆုံး ဖြစ်ခဲ့ပါတယ်။

ဆော်ဒီ ဘုရင့်နန်းတော်ကို ဝေဖန်တယ်လို့ ယူဆရသူအားလုံးကို နှိမ်နှင်းဖို့ သေဒဏ်ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးချနေတယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက ပြောကြားထားပါတယ်။

သေဒဏ်ပေးခံရနိုင်သူတွေထဲမှာ ကလေး သုံးဦး ပါဝင်နေတယ်လို့လည်း လူ့အခွင့်အရေးအဖွဲ့တွေက ပြောဆိုခဲ့ပါတယ်။

အသေးစား ရာဇဝတ်မှုတွေ အတွက် သေဒဏ်ပေးတာကို ရှောင်ရှားပါ့မယ်လို့ အိမ်ရှေ့စံက ကတိပေးထားပေမယ့် သေဒဏ်ချမှတ်ခံရသူတွေထဲမှာ အသေးစား ရာဇဝတ်မှု ကျူးလွန်သူတွေ အများကြီး ပါဝင်နေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၁၇ ခုနှစ်ကလည်း အိမ်ရှေ့စံဟာ တော်ဝင်မိသားစုဝင်တွေ အပါအဝင် ဆော်ဒီရဲ့ နိုင်ငံရေး ထိပ်သီးလွှာ အဖွဲ့ဝင် ၇၀ လောက်ကို ဖမ်းဆီးပြီး အာဏာတည်မြဲရေးအတွက် ဆန့်ကျင်သူတွေကို နှိမ်နှင်းခဲ့ ဖူးပါတယ်။

ဆော်ဒီ အစိုးရကို ဆန့်ကျင်တဲ့ အမေရိကန်-ဆော်ဒီ ဂျာနယ်လစ် ဂျမော ကာရှော့ဂီကို အစ္စတန်ဘူလ်မြို့ရှိ ဆော်ဒီသံရုံးထဲမှာ သတ်ဖြတ်ပြီး အလောင်းကို ဖျောက်ပစ်ခဲ့တဲ့ ဖြစ်ရပ်ဟာလည်း အိမ်ရှေ့စံရဲ့ ညွှန်ကြားချက်အရ လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ အမေရိကန် စုံစမ်းစစ်ဆေးမှုအတွင်း တွေ့ရှိထားပါတယ်။

ဂျာနယ်လစ် ကာရှော့ဂီဟာ သူ့ချစ်သူနဲ့ မင်္ဂလာဆောင်ဖို့ အတွက် လိုအပ်တဲ့ စာရွက်စာတမ်းတွေ ရရှိရေး ဆော်ဒီသံရုံးသို့ သွားရောက်ချိန်မှာ အိမ်ရှေ့စံ မိုဟာမက် ဘင် ဆော်လမန်ရဲ့ အာဏာ ပါးကွက်သားတွေက သတ်ဖြတ်ပြီး အလောင်းကို ဖျက်ပစ်ခဲ့ကြတာ ဖြစ်ပါတယ်။

အိမ်ရှေ့စံကတော့ ကာရှော့ဂီ သတ်ဖြတ်ခံရမှုမှာ ပါဝင်ပတ်သက်မှု မရှိဘူးလို့ ငြင်းဆိုထားပါတယ်။

Ref: The Telegraph

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.