အမ်း၊ အောက်တိုဘာ ၈

ရခိုင်ပြည်နယ် အမ်းမြို့နယ်အတွင်းရှိ စစ်ကောင်စီရဲ့ လက်ကျန်စခန်းတွေထဲမှ စခန်းတစ်ခုဖြစ်တဲ့ မဲတောင်ဗျူဟာစခန်းနဲ့ အနီးအနားပတ်ဝန်းကျင်က စခန်းအားလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AA က အောက်တိုဘာ ၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

မဲတောင်ဗျူဟာကုန်းစခန်းဟာ အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ အဖြောင့်တိုင်းရင် ၁၄ ကီလိုမီတာ၊ မိုင်အားဖြင့် ၈ မိုင်ခွဲခန့်သာကွာဝေးပြီး အဲဒီဗျူဟာကုန်းစခန်းနဲ့ အနီးအနားက စခန်းအားလုံးကို အောက်တိုဘာ ၇ ရက် ညနေ ၄ နာရီအချိန်ခန့်မှာ အပြီးသတ်သိမ်းယူနိုင်ခဲ့တာပါ။

မဲတောင်ဗျူဟာကုန်းစခန်းမှာ စစ်ကိုင်းတိုင်း၊ ကလေး၊ မော်လိုက်နဲ့ ဟုမ္မလင်းအခြေစိုက် စကခ ၁၀ လက်အောက်ခံ တပ်ရင်းတွေဖြစ်တဲ့ ခမရ ၃၆၂၊ ၃၆၅၊၃၆၉ အပြင် နပခဌာနချုပ် လက်အောက်ခံ တပ်ရင်းတချို့နဲ့ စကခ ၅ လက်အောက်ခံ ခမရ ၃၄၆၊ ၃၇၃၊ ၃၇၂ တပ်ရင်းတွေ စုပေါင်းထားတာ ဖြစ်ပါတယ်။

မဲတောင်ဗျူဟာကုန်းစခန်းနဲ့ ဆက်စပ်စခန်းကုန်းတွေကို AA က ဝန်းရံပိတ်ဆို့ ဖြတ်တောက်ထားတာ ကြာမြင့်ခဲ့ပြီးဖြစ်သလို ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက်နေ့မှာ ကျောက်စကွဲကျေးရွာအနီး နှစ်ဖက်ထိတွေ့ စတင်ဖြစ်ပွားပြီးနောက် မဲတောင်ဗျူဟာကုန်းရဲ့ စခန်းတွေကို တစ်ခုပြီးတစ်ခု သိမ်း ပိုက်ခဲ့တာဖြစ်တယ်လို့ AA က ဆိုပါတယ်။

မဲတောင်ဗျူဟာကုန်း စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီထံကနေ လက်နက်ခဲယမ်း စစ်အသုံး အဆောင် ပစ္စည်းအများအပြား သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင်ကျိန္တလီဒေသအတွင်းမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး ကုလားပြင်တံတားထိပ်ရှိ ကိုင်းခုန်နဲ့ ကံဂေါ်တောင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းတွေကို အောက်တိုဘာ ၆ ရက်နေ့မှာ AA က သိမ်းပိုက်ခဲ့ပါတယ်။

အဲ့ဒီနောက် ကျိန္တလီချောင်းအား ဖြတ်သန်းတည်ဆောက်ထားတဲ့ ကုလားပြင်တံတားကို မနေ့က မနက်ပိုင်းမှာ စစ်ကောင်စီတပ်က တံတားအလယ်ကို ဖောက်ခွဲဖျက်ဆီးခဲ့ပြီး ဂွဖက်ကို ဆုတ်ခွားသွားတယ်လို့ ဆိုပါတယ်။

စစ်ရေးအရ အရေးနိမ့်နေတဲ့ စစ်ကောင်စီဟာ ရှုံးမဲမဲကာ အရပ်သားပြည်သူလူထုတွေကို လေ ကြောင်းမှ ပစ်ခတ်တိုက်ခိုက်တာတွေကို ပြုလုပ်နေပြိး စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်တာတွေ ဆက်တိုက်ပြုလုပ်နေတာ ဖြစ်ပါတယ်။

ရက္ခိုင့်တပ်တော် AA အနေနဲ့ စစ်ကောင်စီရဲ့ တောင်ကုတ် စကခ ၅ လက်အောက်ခံ တပ်ရင်းတွေဖြစ်တဲ့ ခမရ ၃၄၆ နဲ့ ၅၄၄ တပ်စခန်းအပြင် အခြားတပ်စခန်းတွေကို ဝိုင်းရံပိတ်ဆို့ထားပြီး အပြီး သတ်သိမ်းယူနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်နေတယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – AA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.