ရေး၊ အောက်တိုဘာ ၇

မွန်ပြည်နယ် ရေးမြို့နယ် အာယုတောင် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှာ တပ်စွဲထားတဲ့ အာယုတောင်ပြည်သူ့စစ်အဖွဲ့ တိုက်ခိုက်ခံရတာကြောင့် သုံးဦး ဒဏ်ရာရရှိခဲ့တယ်လို့ မွန်ပြည်သစ်ပါတီ NMSP AD ပြောခွင့်ရ နိုင်ဗညားမွန်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှာ တပ်စွဲထားတဲ့ အာယုတောင်ပြည်သူ့စစ်အဖွဲ့ကို အောက်တိုဘာ ၆ ရက်နေ့ ည ၇ နာရီအချိန်ခန့်မှာ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ NMSP AD အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ၁၅ မိနစ်နီးပါးကြာ ဖြစ်ပွားခဲ့ပြီး NMSP AD အဖွဲ့က အထိခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာခဲ့ပါတယ်။

“သူတို့အဖွဲ့ကို စစ်ရေးပစ်မှတ်အနေနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ သူတို့အဖွဲ့ ခေါင်းဆောင်လင်းဦးကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်”လို့ နိုင်ဗညားမွန်က ပြောပါတယ်။

ပစ်ခတ်မှုဖြစ်ပွားပြီး တစ်နာရီခန့်အကြာမှာ စစ်ကောင်စီဘက်က တပ်အင်အား ၃၀ ကျော်နဲ့ စစ်ကူရောက်ရှိလာပြီး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ပြည်သူ့စစ်အဖွဲ့ဝင် သုံးဦးကို ရေးဆေးရုံထံ သယ်ဆောင်သွားတယ်လို့ သိရပါတယ်။

အာယုတောင် ပြည်သူ့စစ်အဖွဲ့ကို ကျေးရွာအုပ်ချုပ်ရေးမှူး လင်းဦးက ဦးဆောင်တာ ဖြစ်ပြီး ဒေသတွင်းမှာ စစ်ကောင်စီ အားကိုးရတဲ့ ဌာနေပြည်သူ့စစ်အဖွဲ့တစ်ခုလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၄ ရက်နေ့ကလည်း တပ်ဖွဲ့ဝင်အင်အား ၇၀ ကျော်ရှိတဲ့ အာယုတောင်ပြည်သူ့စစ်အဖွဲ့ကို စစ်ကောင်စီဘက်က လက်နက်တပ်ဆင်ပေးခဲ့ပါတယ်။

အာယုတောင်ဌာနေပြည်သူ့စစ်အဖွဲ့ဟာ ရေးဒေသဖြစ်တဲ့ အာယုတောင်၊ နှင်းစုံ၊ ချောင်းတောင်တံတား တဝိုက်လှုပ်ရှားတာ ဖြစ်ပြီး စစ်ဆေးရေးဂိတ်တွေ ဖွင့်လှစ်ကာ ငွေကြေးကောက်ခံတာတွေလည်း ရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – SBM

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.