မော်လမြိုင် အောက်တိုဘာ ၇

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဒုဥက္ကဌနဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သူ ဒေါက်တာ ဇော်မြင့်မောင်ဟာ မန္တလေးပြည်သူ့ဆေးရုံကြီးမှာ ဒီနေ့ အောက်တိုဘာ ၇ ရက် နံနက် ၃ နာရီအချိန်က ကွယ်လွန်ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

သွေးကင်ဆာ ရောဂါကို ကာလရှည်ခံစားနေခဲ့ရတဲ့ ဒေါက်တာဇော်မြင့်မောင်ဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီရဲ့ ထောင်ဒဏ် ၂၉ နှစ် ချမှတ်ခဲ့ရသူဖြစ်ပြီး မန္တလေး အိုးဘိုအကျဉ်းထောင်မှာ အကျဉ်းကျခံခဲ့ရတာပါ။ အကျဉ်းကျနေစဉ် ကာလအတွင်း ကျန်းမာရေး အခြေအနေ ဆိုးရွာလာရာကနေ ပြီးခဲ့တဲ့ စက်တင်ဘာလက စလို့ မန္တလေးပြည်သူ့ဆေးရုံကြီးဆီ တက်ရောက်ကုသမှု ခံယူခဲ့ရခြင်းဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် အပါအဝင် NLD ပါတီဝင်တချို့က သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်မှုနဲ့ပတ်သက်လို့ ဝမ်းနည်းစကား ဖော်ပြပြောဆိုထားတာကိုလည်းတွေ့ရပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အဖမ်းခံခဲ့ရတဲ့ ဒေါက်တာဇော်မြင့်မောင်ကို စစ်ကောင်စီက အဂတိလိုက်စားမှု၊ ရွေးကောက်ပွဲမသာမာမှုနဲ့ ရွေးကောက်ပွဲအပေါ် မလျော်ဩဇာသုံးမှုအပါအဝင် အမှုမျိုးစုံနဲ့ ထောက်ဒဏ် ၂၉ နှစ်ချမှတ်ခဲ့ပါတယ်။

ကွယ်လွန်သူ NLD ဒုဥက္ကဌ ဒေါက်တာ ဇော်မြင့်မောင်ဟာ ၁၉၉၀ ရွေးကောက်ပွဲ၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ ရွေးကောက်ပွဲတွေမှာ ပါတီကိုယ်စားပြုယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့ပါတယ်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီးတဲ့နောက် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့ပြီး မန္တလေးမြို့ကို ပြောင်းလဲမှုများစွာ ဆောင်ကျဉ်းပေးခဲ့သူဖြစ်တယ်လို့ ဒေသခံရဲ့ ချီးကျူးမှုကို ခံရသူဖြစ်ပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.