လောင်းလုံး၊ အောက်တိုဘာ ၈

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် ရေဖြူကျေးရွာအုပ်စုရဲ့ သန်းခေါင်စာရင်း ကောက်ယူရေး လုပ် ငန်းစဉ်မှာ ပါဝင်ဆောင်ရွက်နေတဲ့ ဆရာမရှစ်ဦးနဲ့ ရုံးစာရေးမတစ်ဦးကို ဖမ်းဆီးခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။

လောင်းလုံးမြို့မှ ထားဝယ်မြို့ကို သန်းခေါင်စာရင်းကောက်ဖို့ သွားတဲ့ ဆရာမတစ်ဦးကို အောက်တို ဘာ ၆ ရက်နေ့ မနက်ပိုင်းက လောင်းလုံး-ထားဝယ်လမ်းပိုင်းမှာ စတင်ဖမ်းဆီးခဲ့တာပါ။

အဲဒီနေ့ ညနေပိုင်းမှာလည်း ထားဝယ်မြို့ကနေ သန်းခေါင်စာရင်း ကောက်ယူပြီးပြန်လာတဲ့ ဆရာမခုနှစ်ဦးနဲ့ ရုံးစာရေးတစ်ဦးကိုတော့ ရေဖြူကျေးရွာအုပ်စုရှိ နေအိမ်တွေမှာ ဝင်ရောက်ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ဖမ်းဆီးထားတဲ့ သန်းခေါင်စာရင်း ကောက်ယူသူတွေကို စစ်ဆေးတာတွေ ဆောင်ရွက်နေပြီး စစ် ဆေးမှုပြီးစီးပါက လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ လွှဲပြောင်းပေးသွားမယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

သန်းခေါင်စာရင်းကောက်ယူမှုမှာ ပါဝင်ဆောင်ရွက်နေတဲ့ လောင်းလုံးမြို့နယ် ရေဖြူကျေးရွာအုပ်စုမှာ နေထိုင်တဲ့ ကျောင်းဆရာမ ဒေါ်မေမီမိုး၊ ဒေါ်ဥမ္မာထွန်း၊ ဒေါ်ခင်အေးဆက်၊ ဒေါ်ရင်ရင်စိုး၊ ဒေါ်မြအေး၊ ကျောင်းအုပ်ဆရာမ ဒေါ်ဖြူဖြူထွေးနဲ့ ရေဖြူကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးမှ စာရေးဖြစ်သူ ဒေါ်သီတာတို့ ၇ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ စစ်ကောင်စီက အောက်တိုဘာ ၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

သန်းခေါင်စာရင်း ကောက်ယူသူတွေကို ဖမ်းဆီးမှုအပေါ် ပြည်သူတစ်ရပ်လုံး ကန့်ကွက်ရှုတ်ချကြဖို့နဲ့ လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ လိုအပ်တဲ့ လုံခြုံရေးတွေ တိုးမြှင့်ဆောက်ရွက်ကြဖို့ စစ်ကောင်စီက တိုက်တွန်းထားပါတယ်။

ထားဝယ်ခရိုင်အတွင်းက မြို့နယ်သုံးခုမှာ အောက်တိုဘာ ၁ ရက်နေ့ကစလို့ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းတွေ ဆောင်ရွက်နေတာဖြစ်ပြီး လောင်းလုံးမြို့နယ်မှာတော့ လက်ရှိအချိန်ထိ သန်းခေါင်စာရင်း ကောက်ယူတာတွေ မရှိသေးဘူးလို့ သိရပါတယ်။

လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကတော့ စစ်ကောင်စီရဲ့ သန်းခေါင်စာရင်း ကောက် ယူမှုမှာ ပါဝင်ပတ်သက်သူတွေကို ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ သတိပေးစာ ထုတ်ပြန်ထားသလို ပြည်သူတွေအနေနဲ့ မပူးပေါင်းကြဖို့ တိုက်တွန်းထားတာပါ။

ပြီးခဲ့တဲ့ အောက်တိုဘာ ၄ ရက်နေ့ကလည်း ချင်းပြည်နယ် တီးတိန်မြို့ရဲ့ သန်းခေါင်စာရင်း ကောက် ယူရေးလုပ်ငန်းမှာ ကူညီဆောင်ရွက်ပေးနေတဲ့ ဦးကမ်းလျန်ထန်လည်း နေအိမ်မှာ ဖမ်းဆီးခံခဲ့ရတယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – LLPDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.