“စစ်ခေါင်းဆောင်တွေနဲ့ စကားပြောရင် သူတို့(တရုတ်) လိုချင်တာ‌တွေ ပေးတယ်။ ဒေါ်အောင်ဆန်းစုကြည်တို့လို အရပ်သားအစိုးရအနေနဲ့ ဆိုရင် သူ့အနေနဲ့ ပြောရဆိုရတာ ခက်တယ်။ အကြပ်အတည်းတွေ့တယ်။ တတ်နိုင်လို့ရှိရင် စစ်တပ်နဲ့ပဲ ဆက်ဆံချင်တယ်” – ဦးသန်းစိုးနိုင်

တရုတ်အစိုးရက စစ်ကောင်စီ ပြုတ်ကျတာကို မလိုလားဘူးဆိုတဲ့အကြောင်း မြောက်ပိုင်းအဖွဲ့တွေ (MNDAA နဲ့ UWSA) အပေါ် ဖိအားပေးပြောဆိုမှုတွေ၊ ခြိမ်းခြောက်မှုတွေနဲ့ ပိတ်ဆို့မှုတွေ လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ မှတ်တမ်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

တစ်ဘက်မှာ မြန်မာစစ်တပ်က မြန်မာနိုင်ငံကို တည်ထောင်ထားသူဖြစ်ပြီး NUG ဒါမှမဟုတ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ NID ပါတီက စစ်တပ်ကို အစားထိုးလို့မရနိုင်ဘူးဆိုပြီးတော့ ဩဂုတ်နှောင်းပိုင်းမှာ တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီကျွင်းက UWSA “ဝ” ခေါင်းဆောင်တချို့ကို ပြောဆိုခဲ့တယ်။

ဒီလိုမျိုး တရုတ်အစိုးရရဲ့ လက်ရှိမြန်မာ့နိုင်ငံရေး အခြေအနေပေါ် ထားတဲ့ သဘောထားမှတ်ချက်လို့ ပြောလို့ရတဲ့ ဒီမှတ်တမ်းဟာ ဘယ်လိုသဘောကို ဆောင်ပါသလဲ။ အထူးကိုယ်စားလှယ်ရဲ့ အခုလိုပြောဆိုချက်တွေက မြန်မာ့ပြည်တွင်းရေးကို ဝင်မစွက်ရေးမူနဲ့ ကင်းကွာနေပြီလား။

နောက်ပြီး စစ်ကောင်စီက လားရှိုးမြို့ကို ဆက်တိုက် ဗုံးကြဲနေတာနဲ့ပတ်သက်လို့ တရုတ်က နှုတ်ဆိတ်နေတာ ဘာကြောင့်လဲ။ စစ်အာဏာရှင်တော်လှန်ရေးနဲ့ပတ်သက်လို့ တရုတ်ရဲ့ သဘောထားအမှန်တွေက ဘာတွေလဲဆိုတာ သိရဖို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်နဲ့ သံလွင်တိုင်းမ်က အခုလိုပဲ မေးမြန်းထားပါတယ်။

မေး – တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီကျွင်းရဲ့ ဒီလိုမျိုးပြောဆိုမှုဟာ ဘာကြောင့်လို့ မြင်ပါသလဲ။

ဖြေ – တရုတ်က “ဝ” နဲ့ဆွေးနွေးတယ်ဆိုတာက ဒါကတော့ နယ်စပ်ဒေသမှာ သူ့ကို မှီခိုနေရတဲ့ အင်အားစုဖြစ်တဲ့အတွက် “ဝ” အဖွဲ့ကတော့ တရုတ်မူဝါဒတွေအတိုင်း လုပ်ဆောင်နေရတဲ့ အစဉ်အလာဖြစ်နေတော့ အခု FNCC ဆိုတဲ့ တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးဖော်ဆောင်နေတဲ့ နိုင်ငံရေး အဖွဲ့အစည်း၊ လက်နက်ကိုင်အဖွဲ့အစည်း နှစ်ဖွဲ့ စုစည်းမှုကလည်း တရုတ်ရဲ့ လမ်းကြောင်းပိတ်မှု ပေါ်လာတာပေါ့နော်။ အဲဒီ အဖွဲ့ရဲ့ ခေါင်းဆောင်ကလည်း “ဝ” ဖြစ်ပါတယ်။

အဲဒီ တရုတ်အနေနဲ့ သူလုပ်ချင်နေတဲ့ နိုင်ငံရေးမူဝါဒတွေ အကောင်အထည်ပေါ်ရေးကိစ္စတွေ တရုတ်က “ဝ” ကနေတစ်ဆင့် အကောင်အထည်ဖော်နေတဲ့ အနေအထားဖြစ်ပါတယ်။ ဒါကတော့ သူတို့ရဲ့တွေ့ဆုံမှုဟာ သိပ်ပြီးတော့ ထူးခြားတယ်လို့ ကျွန်တော်တော့ မယူဆဘူး။ ဒါကပုံမှန်ဖြစ်နေကျ ပြောဆိုနေကြကိစ္စသာ ဖြစ်တယ်လို့ ကျွန်တော် ယူဆပါတယ်။

မေး – ဒါဟာ တရုတ်အစိုးရရဲ့ မြန်မာနိုင်ငံအပေါ် တရားဝင်ကြေညာထားတဲ့ မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်မဖက်ရေးမူနဲ့ ကင်းကွာပြီး နောက်ကွယ်မှာ စစ်ကောင်စီဘက်ကို ရပ်တည်နေတာမျိုးဖြစ်နေပြီလား၊ သုံးသပ်ပေးပါဦး။

ဖြေ – ဒီ တရုတ်ပြည်အနေနဲ့ သူတို့အကျိုးစီးပွားတွေကို မြန်မာပြည်မှာ အကောင်ထည်ဖော်ဖို့ အတွက် သူ့အတွေ့အကြုံအရ အားအကိုးရဆုံး အင်အားစုဟာ စစ်ခေါင်းဆောင်တွေဖြစ်ပါတယ်။ စစ်ခေါင်းဆောင်တွေနဲ့ စကားပြောရင် သူတို့(တရုတ်) လိုချင်တာ‌တွေ ပေးတယ်။ ဒေါ်အောင်ဆန်းစုကြည်တို့လို အရပ်သားအစိုးရအနေနဲ့ ဆိုရင် သူ့အနေနဲ့ ပြောရဆိုရတာ ခက်တယ်။ အကြပ်အတည်းတွေ့တယ်။ တတ်နိုင်လို့ရှိရင် စစ်တပ်နဲ့ပဲ ဆက်ဆံချင်တယ်။

အဲဒါကြောင့် နှိုင်းယှဉ်မှု ပြောရလို့ရှိရင် စစ်တပ်ဆက်လက်တည်ရှိရေးဟာ တရုတ်က မြန်မာနိုင်ငံမှာ သူ့အကျိုးစီးပွားတွေ အကောင်အထည်ဖော်ရေးအတွက် အရေးကြီးတဲ့ အနေအထား ဖြစ်ပါတယ်။ အဲဒါကြောင့်လည်း စစ်တပ်ကို ကာကွယ်ပေးပြီးတော့ စစ်တပ်မရှိရင် တိုင်းပြည်က ဝရုန်းသုန်းကားဖြစ်နေမယ်။ ဒါကြောင့် စစ်တပ်ကို NLD နဲ့ အစားထိုးလို့မရဘူးလို့ သူတို့ပြောနေတာဖြစ်ပါတယ်။

အဲဒီတော့ တရုတ်က အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုကို အသိအမှတ်ပြုတယ်။ ဒါတွေကို ဘယ်သူမှ ဝင်မစွက်ဖက်ဘူးဆိုတာက သူ့ကိုယ်သူ မပါပါဘူး။ သူကတော့ ဝင်စွက်ဖက်နေတာပဲ။ ဒါပေမယ့် တခြားအင်အားစုတွေကို ဝင်မစွက်ဖက်နဲ့ သူမှတစ်ပါး အခြား အင်အားစုတွေ ဝင်စွက်ဖက်တာ လက်မခံဘူး ဆိုတဲ့ သဘောထားကို ပြောင်ပြောင်တင်းတင်း ဖော်ထုတ်လာတာဖြစ်ပါတယ်။

မေး – ကိုးကန့် MNDAA ရော ၊ “ဝ” UWSA ရော တရုတ်အထူးကိုယ်စားလှယ်ရဲ့ ဖိအားပေးပြောဆိုမှုတွေက စစ်အာဏာရှင်စနစ်ပြုတ်ကျရေးမှာ ဘယ်လိုမျိုး သက်ရောက်မှုတွေ ရှိလာနိုင်မလဲ။

ဖြေ – အဲဒီ အင်အားစုတွေကတော့ နှစ်ဖက် မျက်နှာလုပ်နေရတာပေါ့လေ။ တစ်ဖက်က တရုတ်အလိုကျ တရုတ်ရဲ့မူဝါဒ ပေါ်လစီတွေရယ် အကောင်အထည်ဖော်တဲ့ ပုံစံကို ယူထားပြီး တစ်ခြားတစ်ဖက်က တော်လှန်ရေးအင်အားစုတွေ လက်နက်ကိုင်အင်အားစုတွေကိုလည်း ပံ့ပိုးပေးနေတာပါ။

အဲဒီတော့ ဝ၊ မိုင်းလားတို့ ကိုးကန့်တို့လို သူတို့နဲ့ နယ်စပ်ချင်းထိစပ်နေတဲ့ နေရာတွေမှာတော့ တရုတ်မူဝါဒအတိုင်း အကောင်အထည် ဖော်နေပြီးတော့ အဲဒါနဲ့ အလှမ်းဝေးတဲ့ နေရာတွေမှာတော့ သူတို့ရဲ့ ပြည်တွင်းလှုပ်ရှားနေတဲ့ တော်လှန်ရေးလှုပ်ရှားမှု ဦးတည်ချက်တွေအတိုင်း သူတို့ကတော့ ဆက်လက်လုပ်ဆောင်နေတာပါ။

ပြန်မပြော နားမထောင် လုပ်နေတာပေါ့လေ။ အခြေအနေက အဲဒီလို အဲဒါကြောင့် ဆက်ဆံရေးက ရှုပ်ထွေးတယ်လို့ တစ်ခါတလေ ထင်စရာရှိတာပေါ့။

မေး – MNDAA ကလည်း အပစ်ခတ်ရပ်ပြီး တရုတ်ကြားဝင်ပေးမယ့် တွေ့ဆုံရေးကို လက်ခံမယ်ဆိုပြီး ထုတ်ပြောခဲ့တယ်။ စစ်ကောင်စီကလည်း တော်လှန်ရေးအဖွဲ့တွေကို လက်နက်ချခိုင်းပြီး နိုင်ငံရေးဆွေးနွေးဖို့ ကမ်းလှမ်းတယ်။ ဒါပေမယ့် လားရှိုးမြို့ ကိုတော့ ဗုံးကြဲတာ ဆက်တိုက် လုပ်နေတယ်။ တရုတ်အစိုးရက ဒါကို နှုတ်ဆိတ်နေတယ်။ ဒီအခြေအနေတွေရဲ့ နောက်ကွယ်မှာ တရုတ်ဖိအားလို့ မြင်ပါသလား။

ဖြေ – တရုတ်ကတော့ အဲဒီကိစ္စနဲ့ပတ်သတ်လို့ ရေငုံနှုတ်ပိတ်နေတဲ့ အနေအထားပါ။ ဒါပေမယ့် ဒါကတော့ အပေါ်ယံပါ။ အတွင်းမှာတော့ အဲဒီကိစ္စနဲ့ ပတ်သတ်ပြီး မင်းအောင်လှိုင်ကိုလည်း ဖိအားပေးပါလိမ့်မယ်။ တစ်ခုကတော့ ဒီ MNDAA ကို အကြမ်းဖက်အဖြစ် သတ်မှတ်ထားတာကို ကြေညာထားတာ ရပ်ဆိုင်းဖို့၊ လားရှိုးမြို့ကို ဗုံးမကြဲဖို့ ပြောပါလိမ့်မယ်။

အဲဒီသလို ပြောရုံနဲ့ မင်းအောင်လှိုင်ကလည်း သူတို့ပြောတဲ့အတိုင်း လက်ခံတာ မဟုတ်တဲ့အတွက် ဟိုင်ဂင် ငြိမ်းချမ်းရေး အစည်းအဝေး သဘောတူညီချက်တွေ ပျက်တာ။ အဲဒါကြောင့်ပါ။ ဒါကြောင့် ဒီအတိုင်းဆက်လုပ်နေရင် လားရှိုးမှာ MNDAA ရှိတာ လက်မခံဘူး။ ဆက်ပြီး ဗုံးကြဲနေမယ်ဆိုရင်တော့ MNDAA ရဲ့ သဘောထားနဲ့ အနေအထားကလည်း ပြောင်းလဲလာလိမ့်မယ်လို့ ယူဆစရာရှိပါတယ်။

မေး – UWSA ကို တရုတ်အစိုးရက MNDAA အပါအဝင် တော်လှန်ရေးအဖွဲ့တွေကို လက်နက်မရောင်းဖို့၊ အကူအညီတွေ မပေးဖို့ ဖိအားပေးနေတာတွေက နွေဦးတော်လှန်ရေးကို နိဂိုးချုပ်စေနိုင်ဖို့ တရုတ်က တွက်ဆထားတာမျိုး ဖြစ်နေမလား။

ဖြေ – ဟုတ်ပါတယ်၊ သူတို့ကတော့ အဲဒီ ရည်ရွယ်ချက်ပါပဲ။ သူ့လက်နက်နဲ့ သူ ပံ့ပိုးပေးတဲ့ ခဲယမ်းမီးကျောက်တွေ နွေဦးတော်လှန်ရေး အင်အားစုတွေ လက်ထဲမရောက်သွားအောင်က တရုတ်ရဲ့ ရည်ရွယ်ချက်ပါ။ ဒါကြောင့်လည်း အဲဒီဟာတွေကို ကန့်သတ်ပြီး လုပ်နေတာပါ။ ဒါပေမယ့် တကယ့်လက်တွေ့မှာ အဲဒါက မအောင်မြင်နိုင်ပါဘူး။

မေး – ဒီလိုမျိုး တရုတ်အစိုးရရဲ့ သဘောထားအပေါ် တော်လှန်ရေးအစိုးရလို့ ခံယူထားတဲ့ NUG အပါအဝင် စစ်အာဏာရှင်စနစ်ပြုတ်ကျရေးမှာ ပါဝင်နေကြတဲ့ EAO တွေအနေနဲ့ ဘယ်လိုမျိုး ရှေ့ဆက်သင့်တယ်လို့ မြင်ပါသလဲ။

ဖြေ – ဒါကတော့ ကျွန်တော်တို့ တရုတ်က ဗမာပြည်နဲ့ ပတ်သတ်တဲ့ နေရာမှာ စစ်ကောင်စီကို အာဏာပိုင်အစိုးရအဖြစ် အသိအမှတ်ပြုပြီး ဆက်ဆံနေသလို တခြားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကိုလည်းပဲ သူက ကူညီပေးနေတာ။ ပံ့ပိုးပေးနေတာရှိပါတယ်။

အဲဒီတော့ သူက မီးစတစ်ဖက် ရေမှုတ်တစ်ဖက်နဲ့။ ဘယ်အင်အားစု အာဏာရလာလာ သူနဲ့ဆက်ဆံရေးမပျက်အောင်၊ သူ့အကျိုးစီးပွားမပျက်အောင် စီးပွားရေးထိန်းသိမ်းပေးနိုင်အောင် သူက အဲဒီမူဝါဒကို ကျင့်သုံးနေတာ ဖြစ်ပါတယ်။ ဒါကြောင့် စစ်ကောင်စီ ပြုတ်သွားလည်း တရုတ်ပြည်နဲ့ ဗမာပြည်ရဲ့ ဆက်ဆံရေးက ဆက်လက်ပြီးတော့ ထိန်းသိမ်း သယ်ဆောင်သွားရမယ်လို့ ကျွန်တော်တို့ ယူဆပါတယ်။

သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.