ဖာပွန်၊ အောက်တိုဘာ ၈

ကရင်ပြည်နယ် ဖာပွန်ခရိုင်ထဲမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းအားလုံးကို KNLA ဦးဆောင်တဲ့ တော် လှန်ရေးတပ်ဖွဲ့တွေ ပိတ်ဆို့ထားတဲ့အတွက် စစ်ကောင်စီတပ်ဟာ လေကြောင်းကိုသာ အားထားနေရတယ်လို့ KNU တပ်မဟာ ၅ ပြောခွင့်ရ ဗိုလ်မှူးကြီးစောကလယ်ဒိုက သံလွင်တိုင်းမ်ကို ပြောပါတယ်။

KNU ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေအတွင်းရှိ စစ်ကောင်စီတပ်ရဲ့ ဖာပွန်စစ်ဗျူဟာ၊ တပ်ရင်းဌာနချုပ်နဲ့ ခေါပုတ်၊ ဖားဝေါ်လိုး၊ ထီးမူခီး၊ စောမူပလောစတဲ့ တပ်စခန်းတွေရဲ့ အဝင်အထွက်လမ်း ကြောင်းတွေအားလုံးကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ တော် လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ပိတ်ဆို့ ဖြတ်တောက်ထားတာပါ။

KNLA တပ်မဟာ ၅ တော်လှန်ရေးပူးပေါင်းအဖွဲ့တို့ရဲ့ ပိတ်ဆို့ဖြတ်တောက် တိုက်ခိုက်မှုတွေကြောင့် ဖာပွန်ခရိုင်ထဲရှိ စစ်ကောင်စီတပ်စခန်းတွေရဲ့ ရိက္ခာနဲ့လက်နက်ခဲယမ်းတွေကို စစ်ကောင်စီတပ်က မြေပြင်ကနေ မပေးပို့ နိုင်တော့ဘဲ လေကြောင်းကနေတစ်ဆင့်သာ လာရောက်ပေးပို့နိုင်တော့တယ်လို့ ဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောပါတယ်။

KNU ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေထဲမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ တတိယအပတ်အတွင်းက ကမမောင်း၊ ကတိုင်တိဒေသကနေတစ်ဆင့် တောင်သုံးလုံး တပ်စခန်းဘက်ကို မြေပြင်စစ်ကြောင်းထိုးလာနေတဲ့ စစ်ကောင်စီ တပ် BGF ပူးပေါင်းတပ်ဖွဲ့ကို KNLA တပ်မဟာ ၅ က တိုက်ခိုက်မှုပြု လုပ်ခဲ့ရာ စစ်ကောင်စီဘက်က အထိနာခဲ့ပြီး ပြန်လည်ဆုတ်ခွာသွားခဲ့ရတာပါ။

ကတိုင်တိဒေသတိုက်ပွဲအတွင်း အထိနာခဲ့တဲ့ စစ်ကောင်စီတပ်က ကျေးရွာတွေထဲကို လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့လို့ ဒေသခံတွေဟာ ကမမောင်းမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်လာနေခဲ့ရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်နေ့က ဖာပွန်မြောက်ပိုင်း KNLA တပ်မဟာ ၅ နဲ့ တပ်မဟာ ၃ နယ်မြေ အစပ်ကြားက လယ်ဝါးထာဒေသမှာ တပ်ချိန်းပြန်ပြောင်းရွှေ့မယ့် စစ်ကောင်စီတပ်စစ် ကြောင်းကို KNLA တပ်မဟာ ၅ က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်စစ်ကြောင်းတစ်ကြောင်းလုံး ချေမှုန်းနိုင်ခဲ့တယ်လို့ ဗိုလ်မှူးကြီးစောကလယ်ဒိုက ဆိုပါတယ်။

အဲဒီစစ်ကြောင်းဟာ ဖားဝေါ်လိုးတပ်စခန်းကနေ ဘော်စဲခိုဘက်ကို တပ်ချိန်းပြန်ပြောင်းမယ့် စစ် ကြောင်းဖြစ်ပြီး တပ်ရင်းမှူး၊ တပ်ခွဲမှူးအဆင့်ရှိသူတွေအပါအဝင် စုစုပေါင်း ၃၀ ဦး သေဆုံးသွားခဲ့ပြီး လက်နက်ကြီး လက်နက်ငယ်နဲ့ စစ်သုံးပစ္စည်းတွေအချို့ကို သိမ်းဆည်းရရှိနိုင်ခဲ့တယ်လို့ တပ်မဟာ ၅ က ထုတ်ပြန်ထားပါတယ်။

ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေထဲမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ တစ်လအတွင်း စစ်ကောင်စီတပ်နဲ့ KNLA တပ်မဟာ ၅ ပူးပေါင်းတပ်တို့အကြား တိုက်ပွဲပေါင်း ၁၄၀ ကျော် ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက် ၇၀ ကျော် သေဆုံးခဲ့တယ်လို့ KNLA တပ်မဟာ ၅ ဌာနချုပ်ရုံးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.