လားရှိုး ၊ အောက်တိုဘာ ၇

နိုင်ငံတဝန်းမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ တစ်လအတွင်း စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂၀၀ ကျော် သေဆုံးခဲ့ပြီး ၃၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သွေးစွန်းငွေ ဖြတ်တောက်ရေးလှုပ်ရှားမှုအဖွဲ့က ထုတ်ပြန်ပါတယ်။

လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရတဲ့ ဒေသထဲက ရှမ်းမြောက်မှာ ၁၁၈ ကြိမ်နဲ့ အများဆုံးဖြစ်ပြီး စစ်ကိုင်းမှာ ၆၁ ကြိမ်၊ ရခိုင်မှာ ၅၉ ကြိမ်၊ မန္တလေးမှာ ၃၄ ကြိမ်၊ ကချင်မှာ ၃၃ ကြိမ် ရှိခဲ့တာပါ။

ဒါ့အပြင် မကွေးမှာ ၁၆ ကြိမ်၊ ချင်းမှာ ၁၃ ကြိမ်၊ ကရင်နီ၊ ကရင်၊ ပဲခူးနဲ့ ရှမ်းတောင်တို့မှာတော့ ၁၀ ကြိမ် အောက် တိုက်ခိုက်ခံရပြီး စုစုပေါင်း ၃၅၀ ကြိမ် ရှိခဲ့ပါတယ်။

အဲဒီ တိုက်ခိုက်မှုတွေကြောင့် ကလေး ၁၅ ဦးနဲ့ အမျိုးသမီး ၄၈ ဦး အပါအဝင် အရပ်သားပြည်သူစုစုပေါင်း ၂၁၇ ဦး သေဆုံးခဲ့ပြီး ၃၂၇ ဦး ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

အလားတူ နေအိမ် ၃၀၃ လုံး၊ စာသင်ကျောင်း ၆ ကျောင်း၊ ဘာသာရေးအဆောက်အအုံ ၁၆ ခု ၊ UN ရုံးခန်း ၁ ခု၊ အချုပ်ထောင် ၂ ခု၊ ဟိုတယ် ၃ လုံးနဲ့ ‌ဈေးဆိုင်ခန်းအပါအဝင် အခြားစီးပွားရေးအဆောက်အအုံ ၁၆ ခု ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

စက်တင်ဘာ ၂၇ ရက်နေ့မှာ လားရှိုးမြို့မဈေးကို စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးသွားတဲ့ ဈေးဆိုင်ခန်းပျက်စီးမှုတွေကို အတည်ပြုဆဲဖြစ်တဲ့အတွက် ဈေးဆိုင်ခန်းပျက်စီးမှုကိုတော့ တွက်ချက်ခြင်း မရှိသေးဘူးလို့ ‌ဆိုပါတယ်။

တစ်ဘက်မှာ စစ်အုပ်စုရဲ့ ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် စစ်ကိုင်း၊ပဲခူး၊တနင်္သာရီ၊ကချင်နဲ့ရှမ်းတောင်တို့မှာ ကလေးငယ် တစ်ဦးနဲ့ အမျိုးသမီး ၁၄ ဦး အပါအဝင် အရပ်သားပြည်သူ ၂၃ ဦး သေဆုံးခဲ့ပြီး ၃၇ ဦး ဒဏ်ရာရရှိခဲ့တာပါ။ဒါ့အပြင် နေအိမ် ၂၄ လုံးနဲ့ ဘာသာရေးအဆောက်အအုံ ၃ ခု လည်း ပျက်စီးဆုံးရှုံးခဲ့ပါသေးတယ်။

သွေးစွန်းငွေ ဖြတ်တောက်ရေးလှုပ်ရှားမှုအဖွဲ့အနေနဲ့ ဖော်ပြပါ အချက်အလက်တွေကို မြန်မာပြည်တွင်း သတင်းမီဒီယာတွေကနေ ကောက်ယူထားတဲ့ စာရင်းအချက်အလက်တွေဟာ ဖြစ်တာကြောင့် မြေပြင်အခြေအနေနဲ့ ကွာဟမှုရှိနိုင်တယ်လို့ အသိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MNDAA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.