ဆိုးလ်၊ အောက်တိုဘာ ၇

တရုတ်နဲ့ မြောက်ကိုရီးယားနိုင်ငံတို့ကြား ဆက်ဆံရေး ထူထောင်မှု ၇၅ နှစ်ပြည့်နေ့မှာ ပူးပေါင်းဆောင်ရွက်မှု အားကောင်းအောင် ဆောင်ရွက်ဖို့ နှစ်နိုင်ငံ ခေါင်းဆောင်တွေဟာ အောက်တိုဘာ ၆ ရက်မှာ ကတိပြုခဲ့ကြကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြပါတယ်။

တရုတ်နဲ့ မြောက်ကိုရီးယားကြား ဆက်ဆံရေး ဖွံ့ဖြိုးဖို့ အလွန်အရေးကြီးကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်ဆီ ပေးပို့တဲ့ သတင်းစကားမှာ ဖော်ပြထားပါတယ်။

ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး အားကောင်းအောင်လုပ်ဆောင်ပြီး ဆက်ဆံရေး အခန်းကဏ္ဍသစ် တစ်ခု ရေးဆွဲဖို့ တရုတ်က အသင့်ရှိကြောင်း သမ္မတ ရှီက ဆိုပါတယ်။

တရုတ်ဟာ မြောက်ကိုရီးယားရဲ့ အကြီးမားဆုံး ကုန်သွယ်ဖက်နိုင်ငံလည်း ဖြစ်ပါတယ်။

တောင်နဲ့ မြောက်ကိုရီးယားဆိုပြီး ကွဲသွားစေခဲ့တဲ့ ၁၉၅၀ ပြည့်နှစ်ကနေ ၁၉၅၃ ခုနှစ်အထိ ဖြစ်ပွားခဲ့တဲ့ ကိုရီးယားစစ်ပွဲ အတွင်း တရုတ်က ပြုံယမ်းအစိုးရကို ကူညီခဲ့တဲ့ ရာဇဝင် ရှိပါတယ်။

ဒါပေမဲ့ ခေါင်းဆောင် ကင်ဂျုံအန်က ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ ဆက်ဆံရေး တိုးမြှင့်ခဲ့တဲ့ ပြီးခဲ့တဲ့ ဇွန်လမှာတော့ တရုတ်ဟာ သတိထားပြီး တုံ့ပြန်ခဲ့တာ တွေ့ရပါတယ်။

အခုနှစ်အတွင်း မြောက်ကိုရီးယားနဲ့ ရုရှားတို့ဟာ နှစ်နိုင်ငံ ကာကွယ်ရေး သဘောတူညီမှုတွေ ပါဝင်တဲ့ မဟာဗျူဟာမြောက် သဘောတူညီမှု တစ်ရပ် လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

မြောက်ကိုရီးယားနဲ့ တရုတ်အကြား ခေတ်သစ်အရ လိုအပ်တဲ့ ခင်မင် ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုရှိတဲ့ ဆက်ဆံရေး ဖော်ဆောင်ဖို့၊ သေချာစေဖို့ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ကင်ဂျုံအန်က သမ္မတ ရှီကျင့်ဖျင်ဆီ ပေးပို့တဲ့ သတင်းစကားမှာ ဖော်ပြထားပါတယ်။

တောင်ကိုရီးယားနဲ့ ငြိမ်းချမ်းစွာ ပြန်လည် ပေါင်းစည်းဖို့ ကာလရှည် ရည်မှန်းချက် ထားရှိခဲ့တဲ့ သတ်မှတ်ချက်ကို စွန့်လွှတ်ရေး မြောက်ကိုရီးယားက သူတို့ရဲ့ ဖွဲ့စည်းပုံကို ပြန်လည် အသက်သွင်းမယ်လို့ မျှော်လင့်ရပါတယ်။

ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှု မြင့်တက်နေတဲ့ နယ်စပ်အခြေအနေကို ပြန်လည် သတ်မှတ်ရေးနဲ့ ဖွဲ့စည်းပုံ ပြန်လည် ပြင်ဆင်ရေး မြောက်ကိုရီးယားက အောက်တိုဘာ ၇ ရက်မှာ လွှတ်တော် အစည်းအဝေး ကျင်းပဖို့ ရှိနေပါတယ်။

တောင်ကိုရီးယားကို အဓိက ရန်သူအဖြစ် သတ်မှတ်ဖို့ ကင်ဂျုံအန်က ဖွဲ့စည်းပုံ ပြောင်းလဲရေးအတွက် ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ တိုက်တွန်းခဲ့ပြီး ဖြစ်ပါတယ်။

စစ်ဖြစ်လာလို့ရှိရင် တောင်ကိုရီးယားကို သိမ်းပိုက်ရေး မြောက်ကိုရီးယားက ကြိုတင် ပြင်ဆင်မှုတွေ ပြုလုပ်ထားသင့်တယ်လို့လည်း ကင်ဂျုံအန်က ပြောထားပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.